မက္ကဆီကိုတွင် ဓာတ်ပုံသတင်းထောက် အသတ်ခံရမှု ဆန္ဒပြ

2.3K
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးက စာလာပါနဲ့ ဗေရာခရုဇ်မြို့တွေမှာ ရာနဲ့ချီတဲ့လူတွေ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့က ဆန္ဒပြနေကြပါတယ်။
မက္ကဆီကိုစီးတီးမြို့ ကိုယ်စားပြု လွှတ်တော်အမတ်က ထင်ရှားတဲ့ ဓာတ်ပုံသတင်းထောက်တယောက် အသတ်ခံရတာကို အတည်ပြုအပြီး ခုလိုဆန္ဒပြတာ ဖြစ်ပါတယ်။
မြို့တော်တွင်း လူလတ်တန်းစားတွေနေတဲ့ နာဗာတေရပ်ကွက်ထဲမှာ ဓာတ်ပုံ သတင်းထောက် ရူဘန် အဲ့စ်ပီနိုစာ အပါအဝင် လူ ၅ ယောက်ကို ကြိုးတုပ်ပြီး ခေါင်းကို ပစ်သတ်ထားလို့ သေဆုံးလျက်သား ရှာတွေ့ခဲ့တာပါ။
အဲ့စ်ပီနိုဆာက အရှေ့ဗေရာခရုစ် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ခြိမ်းခြောက်မှုကို ခံစားရတယ်လို့ အရင်လက လူတွေ့မေးမြန်းမှုမှာ ပြောခဲ့ဖူးတာပါ။
မက္ကဆီကိုစီးတီးမြို့လယ်မှာ ဆန္ဒပြသူတွေဟာ အဲ့စ်ပီနိုစာရဲ့ ဓာတ်ပုံကို သူတို့ မျက်နှာတွေ ရှေ့မှာ မျက်နှာဖုံးအဖြစ် တပ်ဆင်ထားပြီး သူ့လို ကံကြမ္မာမျိုး ဘယ်သူမဆို ကြုံရနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
အဲ့စ်ပီနိုစာဟာ ဗေရာဇရုဇ်မှာ ၈ နှစ်ကြာ နေထိုင်ခဲ့ပြီး အလုပ်ရှာဖို့ မြို့တော်မှာ နေတာ ၂ လပဲ ရှိသေးတယ်လို့ သူ့မိသားစုဝင်တွေက စုံစမ်းစစ်ဆေးသူတွေကို ပြောတဲ့အကြောင်း မက္ကဆီကိုစီးတီးမြို့ရဲ့ လွှတ်တော်အမတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် အဲ့စ်ပီနိုဆာဟာ ဒေသတွင်း လူမှုရေး လှုပ်ရှားမှုတွေအကြောင်း မှတ်တမ်းတင်ရာမှာ အထူးကျွမ်းကျင်သူလို့ ပြောကြပါတယ်။
ဗေရာဇရုဇ်ဟာ မက္ကဆီကိုနိုင်ငံတွင်း သတင်းထောက်တွေအတွက် အန္တရယ်အကြီးဆုံး ပြည်နယ်တွေထဲက တခုပါ။
၂၀၀၀ ပြည့်နှစ်ကနေ ခုချိန်ထိ သတင်းထောက် ၁၇ ယောက် အသတ်ခံခဲ့ရပြီးပြီလို့ စာနယ်ဇင်းလောက ထောက်ပံ့ရေးအုပ်စု Article 19 က ဆိုပါတယ်။
၂၀၁၀ ခုနှစ်မှာ ဒွါတီ အုပ်ချုပ်ရေးမှူး ဖြစ်လာကတည်းက ခုထိ သတင်းထောက် ၁၁ ယောက် အသတ်ခံရပြီးပြီလို့ သတင်းထောက်များ ကာကွယ်ရေး ကော်မတီက ဆိုပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ ထိပ်တန်းသတင်းမဂ္ဂဇင်း ပရိုစီကိုရဲ့ ၂၀၁၄ ဖေဖော်ဝါရီလထုတ်အတွက် မျက်နှာဖုံး ဓာတ်ပုံအဖြစ် ဒွါတီကို အဲ့စ်ပီနိုလာက ဓာတ်ပုံရိုက်ပေးခဲ့ဖူးပါတယ်။
ခေါင်းကြီးစာလုံးကတော့ ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ပြည်နယ် ဗေရာခရုဇ်လို့ ခေါင်းစဉ် တပ်ထားခဲ့ပါတယ်။