တရုတ်တနိုင်ငံ မူဝါဒ ထောက်ခံသည့် သင်ရိုးကို ထိုင်ဝမ် ကျောင်းသားများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
ထိုင်ဝမ်အစိုးရက တရုတ်ရဲ့ “တရုတ်တနိုင်ငံ” မူဝါဒကို ထောက်ခံအားပေးတဲ့ သင်ရိုးတွေ အထက်တန်းကျောင်းသုံးစာအုပ်တွေမှာ ထည့်သွင်းပြဋ္ဌာန်းတဲ့အတွက် ကျောင်းသားတွေက သြဂုတ် ၂ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်ဝမ်ပညာရေးဝန်ကြီးဌာန ပတ်ဝန်းကျင် လမ်းတွေမှာ ကျောင်းသားတွေတင်မကဘဲ ကျောင်းသားမိဘတွေပါ လိုက်ပါချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဇူလိုင် ၃၁ ရက်နေ့က ကျောင်းသားအယောက် ၇၀၀ လောက် ပညာရေးဝန်ကြီးဌာန၀င်းထဲ ကျော်တက် ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။ ကျောင်းသားအယောက် ၂၀၀ လောက်ကတော့ ၀န်ကြီးဌာနထဲ ညအိပ်စခန်းချနေကြပြီး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ကျောင်းသားမိဘတဦးကတော့ “ကျမတို့ မိဘတွေလည်း ကလေးတွေရဲ့ ပညာရေး၊ တရားမျှတရေးအတွက် တောင်းဆိုရပါမယ်။ ဒီအရေးဟာ ကလေးတွေရဲ့ အရေးတခုတည်း မဟုတ်ဘူးဆိုတာကို ပညာရေးနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကို သိစေချင်တာပါ။ ဒီကျောင်းသုံးစာအုပ် ပြဋ္ဌာန်းချက်သစ်တွေကို ကျမတို့လည်း ကန့်ကွက်ပါတယ်။” လို့ ပြောပါတယ်။ ဒီသင်ရိုးသစ်တွေဟာ တရုတ်ပြည်မအစိုးရရဲ့ “တရုတ်တနိုင်ငံ” မူဝါဒကို အားပေးတဲ့ သမိုင်းလိမ်တွေလို့ ကျောင်းသားတွေက စွပ်စွဲကြတာပါ။ အခုနောက်ပိုင်း ထိုင်ဝမ်အစိုးရနဲ့ တရုတ်ပြည်မ  အစိုးရကြား ပိုမိုနီးစပ်လာကြပြီး ကုန်သွယ်ရေးနဲ့ စီးပွားရေးစာချုပ် အများအပြားလည်း ချုပ်ဆိုထားပါတယ်။ တရုတ်ပြည်မအစိုးရရဲ့ လွှမ်းမိုးမှုကို ထိုင်ဝမ်အစိုးရက ငုံ့ခံနေတာကို ထိုင်ဝမ်လူငယ်တွေက မကျေမနပ် ဖြစ်နေကြပြီး ရဲတပ်ဖွဲ့တွေလည်း ထိပ်တိုက်တွေ့မှုတွေ မကြာခဏ ဖြစ်ပွားနေတာပါ။ ဒီလူငယ်ဆန္ဒပြပွဲတွေဟာ အရင်မျိုးဆက်တွေနဲ့ စာရင် ထိုင်ဝမ်မျိုးဆက်သစ်တွေက ပိုပြီး မျိုးချစ်စိတ်ဓာတ် ထက်သန်တယ်၊ သူတို့ကိုယ်သူတို့ တရုတ်လူမျိုးဆိုတာထက် ထိုင်ဝမ်လူမျိုးဆိုပြီး ခံယူချင်ကြတာဖြစ်တယ်လို့ ထိုင်ဝမ်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up