အာဆီယံ ယူ-၁၆ ပြိုင်ပွဲ မြန်မာ ၀ – ၄ သြစတြေးလျ (ရုပ်သံဟိုက်လိုက်)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ သြဂုတ် ၃ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အုပ်စု (ခ) တတိယပွဲစဉ်မှာ မြန်မာယူ-၁၆ အသင်းဟာ သြစတြေးလျ ယူ-၁၆ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ ဒီပွဲမှာ မြန်မာအသင်းဟာ ပထမပိုင်းတပိုင်းလုံး ကွင်းလယ်ကစားကွက် ပျက်ပြီး သြစတြေးလျအသင်းက ခြေအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ သြစတြေးလျအသင်းက ပထမပိုင်းမှာ ၃ ဂိုး သွင်းယူပြီး ဦးဆောင်ခဲ့တာပါ။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အဓိက ကစားသမားတချို့နဲ့ လူစားလဲမှုတွေ ပြုလုပ်ခဲ့ရာ ကစားပုံ ပိုကောင်းလာပြီး တဘက် ဂိုးဧရိယာထဲကို ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ပိုင်း အားနည်းတာကြောင့် ချေပဂိုးမရဘဲ နောက်ဆုံး အချိန်ပိုမိနစ်မှာ သြစတြေးလျက နောက်တဂိုး သွင်းယူတာကြောင့် ၄ ဂိုးပြတ်နဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ် ၅ ရက်နေ့မှာတော့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် တက်ရေးအတွက် အဆုံးအဖြတ် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ရမှာပါ။ လောလောဆယ် အုပ်စု (ခ) မှာ သြစတြေးလျက ၉ မှတ်နဲ့ ဦးဆောင်နေပြီး မြန်မာက ၆ မှတ်နဲ့ ဒုတိယ၊ ကမ္ဘောဒီးယားနဲ့ စင်ကာပူတို့က ၄ မှတ်စီနဲ့ တတိယ၊ စတုတ္ထ၊ ဖိလစ်ပိုင်ကတော့ အမှတ်မရသေးဘဲ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

More News
Up