A d v e r t i s e m e n t With Us

အိန္ဒိယမြောက်ပိုင်း မြေပြိုမှုကြောင့် အဝေးပြေးလမ်းပိတ်ဆို့

အိန္ဒိယနိုင်ငံမြောက်ပိုင်း အုတ်တျာခန်းပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က မြေပြိုမှုကြောင့် အဝေးပြေးလမ်း ပိတ်ဆို့ခဲ့ပြီး ဟိန္ဒူဘုရားဖူး အယောက် ၅၀၀ လောက် သောင်တင်ခဲ့ပါတယ်။ မိုးကြီးလို့ တောင်ကုန်းပေါ်က ကျောက်တုံးကျောက်ခဲတွေ ပြိုဆင်းလာတဲ့အတွက် ဂန်ဂိုထရီ အဝေးပြေးလမ်း ပိတ်ဆို့ခဲ့တာပါ။ လမ်းပြန်ပွင့်ဖို့ ခရီးသွားတွေနဲ့ ဘုရားဖူးတွေ နာရီနဲ့ချီ စောင့်ဆိုင်းခဲ့ရပါတယ်။ ပြန်ဖွင့်လိုက်တဲ့ လမ်းကြောင်းမှာလည်း ကျောက်တုံးတွေ ကျနေဆဲပဲလို့ ကပ်ဘေး စီမံခန့်ခွဲရေး အရာရှိ ဒေဗန်ဒရာ ပတ်ဝဲလ်က ပြောပါတယ်။ လူတယောက် ဒဏ်ရာရလို့ ဆေးရုံတင်ခဲ့ရတယ်လို့ ပြောပါတယ်။ အုတ်တျာခန်းပြည်နယ်အတွင်း ခေဒါနာ့သ် ဘာဒရီနာ့သ် ဂန်ရိုထရီနဲ့ ယမုနိုထရီ ဘုရားကျောင်းမြို့တွေဟာ နှစ်စဉ် ထောင်သောင်းချီနေတဲ့ ဘုရားဖူးတွေကို ဆွဲဆောင်ခဲ့တာပါ။ ပြည်နယ်အတွင်း ကျန်ခဲ့တဲ့ ရက်တွေက မိုးသည်းခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့က မြေပြိုခဲ့လို့ ရတ်တူရီ စေရာ ရွာနားက ဂန်ဂိုထရီ အဝေးပြေးလမ်း ပိတ်ဆို့ခဲ့ပါသေးတယ်။ ဟီမချယ်ပရာဒေ့ရှ် ပြည်နယ် ကန်ဂရာခရိုင်မှာလည်း မြေပြိုလို့ အိမ်တွေ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့ပါသေးတယ်။ အရင်လက မိုးသည်းလို့ အိမ်ခြေ ၇၀ ပျက်စီးပြီး လူ ၄ ဦးနဲ့ ကျွဲနွား ၁၀၉ ကောင် သေဆုံးတယ်လို့ ဒေသခံ အုပ်ချုပ်ရေးရုံးက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က အုတ်တျာခန်းပြည်နယ် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၆၀၀ လောက် သေဆုံးပြီး ၆၀၀၀ ကျော် ပျောက်ဆုံးခဲ့တာပါ။ အိန္ဒိယလူဦးရေ ၁ ဒသမ ၂၅ဘီလီယံအတွက် ကျေးလက်နေပြည်သူ ၃ ပုံ၂ ပုံဟာ စိုက်ပျိုးရေးကို အားကိုးနေရလို့ မိုးရွာမှုက အိန္ဒိယအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် နှစ်စဉ် ရေလွှမ်းမိုးမှုတွေကြောင့် ရေက တဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ဖြစ်ပွားနေကျပါ။

A d v e r t i s e m e n t With Us

More News
Up