Home
မေးမြန်းခန်း
ရေဘေးအကူ ‘အစားအစာ၊ သောက်ရေ၊ ဆေးဝါး အမိုးအကာ’ လိုအပ်
အေးနိုင်
·
August 3, 2015
ရခိုင်ပြည်နယ်က မြောက်ဦးမြို့ဟာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကို အဆိုးဝါးဆုံး ခံစားရတဲ့မြို့ဖြစ်ပြီး မြို့လေးပုံသုံးပုံနီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးကယ်ဆယ်ဆောင်ရွက်နေတဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အဖွဲ့ရဲ့ စီမံချက်ညှိနှိုင်းဆောင်ရက်သူ ကိုစံသိန်းက မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့တွေဟာ ရေဘေးဒဏ်အဆိုးဆုံးခံစားနေကြရပြီး လမ်းပန်းဆက်သွယ်ရေး ကြောင့် ကုန်စည်တွေ ဈေးတက်နေတယ်လို့ဆိုပါတယ်။ ဒုက္ခသည်တွေအတွက် အဓိကအားဖြင့် စားဝတ်နေရေးနဲ့ဆေးဝါး လိုအပ်နေတယ်လို့ ပြောပါတယ်။ သူက “ပထမ အလိုအပ်ဆုံးက  အစားအစာ၊ နံပါတ် ၂ က သောက်ရေသန့်ပေါ့။ နောက် သုံးရေနဲ့အိမ်သာ။ နံပါတ် ၃ က အမိုးအကာလိုတယ်။ နံပါတ် ၄ က medicine ဆေးဝါးပေါ့။ ကလေးတွေဆို အစာမစားရဘူး။ ရတာစား၊  ရေက ရတဲ့ရေသောက်ဆိုတော့ တချို့ရွာတွေမှာဆို ကလေးတွေက ၀မ်းပျက်ဝမ်းလျှောဖြစ်နေပြီ။ မြောက်ဦးက မြောင်းငွေကျေးရွာမှာဖြစ်နေတာ လေးမြို့မြစ်ဘေးကပဲ။” လို့ ပြောပါတယ်။ ရခိုင်သဟာရအသင်း (ရန်ကုန်) စစ်တွေရုံးခွဲ တာဝန်ခံ မဖြိုးဖြိုးက  ရေဘေးဒုက္ခသည်တွေအတွက် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာကြတာဖြစ်တဲ့အတွက် အ၀တ်အစား၊ စောင်၊ အမိုးအကာ လိုနေတယ်လို့ ပြောပါတယ်။ “စားဖို့နဲ့ အိပ်ဖို့က အဆင်ပြေလားဆိုတော့ ရှိနေတဲ့အထက်တန်းကျောင်းတွေ။ အမက (ခွဲ) ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေရော၊ စာသင်ကျောင်းတွေ၊ သာသနာ့ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီးတော့ သူတို့ကို နေရာလေးတွေ ချပေးထားတယ်။ ခုနပြောသလို အ၀တ်အစားမလုံလောက်ဘူး၊ ခြုံထည်တွေဘာတွေ၊ စောင်တို့ဘာတို့ မလုံလောက်ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ဘာမှ ပါမလာဘူးလေ ဒုက္ခသည်တွေမှာ” “နောက်တခုက အိမ်သာကိစ္စနဲ့ ရေသန့်ကိစ္စပေါ့။ တော်တော်များများက တချို့နေရာတွေမှာ ဆားငန်ရေ၀င်သွား (ရေတွင်းရေကန်များတွင်းသို့) တာတွေရှိတယ်၊ ရေလွှမ်းသွားတာတွေရှိတော့ ရေတွေက နောက်ကျပြီးတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒီနေ့ ဆေးကုမ္ပဏီတခုက ရေသန့်ဆေးပြားတွေ လှူဒါန်းတာရှိတယ်။ ညနေကျရင် လေယာဉ်ပျံနဲ့ရောက်မယ်ပြောပါတယ်။ အဲဒါလေးတွေကို ကျတော်တို့က ဒီကနေ စီစဉ်ပြီးတော့ သက်ဆိုင်ရာမြို့နယ်တွေကို ခွဲဝေပြီးတော့ လှူဒါန်းသွားမှာပါ” မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း (၁၁) ခုမှာ လွန်ခဲ့သော သတ္တပတ်နှစ်ပတ်က စတင်ခဲ့တဲ့ ရေဘေးကြောင့် ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေခဲ့ရပြီး ပြည်သူပေါင်းများစွာ ရေဘေးဒုက္ခများ ရင်ဆိုင်နေရပါတယ်။ ဇူလိုင်လ (၃၁) ရက်နေ့မှာတော့ အစိုးရက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊  မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေကို သဘာဝဘေးအန္တရာယ်ကျရောက်နေသော နေရာတွေ အဖြစ် ကြေညာခဲ့ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အဖွဲ့ရဲ့ စီမံချက်ညှိနှိုင်းဆောင်ရက်သူ ကိုစံသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေးအကူလုပ်ဆောင်နေတယ်လို့သိရပါတယ်။ အခြေအနေကို ပြောပြခင်ဗျာ။ “မြောက်ဦးမှာ ကျနော်တို့က မြောက်ဦးမှာ လူ ၂ သိန်းကျော်ရှိတယ်ပေါ့နော် တမြို့နယ်လုံး၊ ရွာက ၂၄၈ ရွာရှိတယ်။ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်ရှိတယ်။ ကျေးရွာအုပ်စုက ၉၅ စု ရှိတယ်။ အဲဒီအထဲမှာ ၇၀ ရာခိုင်နှုန်းက အကုန်လုံးက ရေလွှမ်းမိုးတယ်လို့ ပြောလို့ရတယ်။ စိုက်ပျိုးဧရိယာမှာဆို ၉၉ ရာခိုင်နှုန်းလို့ပြောလို့ရတယ် ရေတက်တာ။ တချို့ကုန်းမြင့်ပိုင်းလောက် ကျန်တာ။ ဒါပေမယ့်သူတို့လည်း ရေဒဏ်ခံရတာပဲ။ ကျောင်းကအစ၊ ဆေးပေးခန်း၊ ဆေးရုံပေါ့။ မြောက်ဦးမြို့ပေါ်ဆို ရပ်ကွက် ၇ ခုရှိတာ ၄ ရပ်ကွက်က ရွေ့ပြောင်းရတယ်။ ၂ ရပ်ကွက်က အိမ်မှာနေရုံပဲ၊ ဆေးရုံဆို လူနာကို မြင့်တဲ့နေရာတခုကို ပြောင်းရတယ်။ ကျောက်တော်ကတော့ မြို့ပေါ်ကို ရေမတက်ဘူးအဲလောက်ထိ။ မြောက်ဦးမြို့ပေါ်မှာ ၄ ရပ်ကွက် ရေလွှမ်းမိုးသွားတော့ ဈေးအပါအ၀င်အားလုံးက ထွက်ပြေးရတဲ့အဆင့်ရောက်သွားတယ်။ လူအသေအပျောက်က မြောက်ဦးမှာဆို အရှေ့ဘက်အခြမ်း လေးမြို့မြစ်ကရေက ဒီဘက်ကို ပင်လယ်ကရေနဲ့ သွားပြီး တိုးတာပေါ့နော် ပင်လယ်မှာက မုန်တိုင်းကြောင့် ရေမစီးဘူး။ ဘာကြောင့်လည်းဆို ပရက်ရှာ (ဖိအား) ၀င်နေတယ်။ ပရက်ရှာဝင်တော့ ရေကို သူလက်မခံတော့ဘူး။ လက်မခံတော့ တောင်ကျက မိုးတအားများပြီးတော့ ချောင်းတောင်ထဲမှာ ရေစီးဆင်းမှုက တဖြည်းဖြည်း တက်တက်တက်လာတာ။ အဓိကပြ သနာက လေးမြို့မြစ်က ရေက ရတဲ့နေရာက ဖောက်ထွက်လာတယ်။ မြောက်ဦးမြို့က လေးမြို့မြစ်၊ ကျောက်တော်မြို့က ကုလားတန်မြစ်ပေါ့။ ကုလားတန်မြစ်က ရေစီးမှုက နည်းတဲ့အတွက်ကြောင့် သူတို့က သိပ်ပြီးတော့မထိဘူး။ မြောက်ဦးကျတော့ လေးမြို့မြစ်ရေစီးက သန်လာတော့ ဖြတ်ကျော်လိုက်တဲ့အချိန်မှာ မင်းပြားနဲ့မြောက်ဦးကို ရေက ခွဲဝင်သွားတယ်။ အဲဒီရေတွေက ပင်လယ်နဲ့သွားထိတော့ ပင်လယ်ပြင်မှာ မုန်တိုင်းကြောင့်ရေအတက်အကျမရှိဘူး၊ ပရက်ရှာနဲ့ ဖိထားတဲ့အတွက်ကြောင့် ရေကို သူက လက်မခံဘူး။ လက်မခံတော့ သူက တက်တက်တက်တက်လာတယ်။ အဲလိုရေတက်လာတဲ့အချိန်မှာ ရေစီးက တအားမိုးများပြီး၊ ပုံမှန်ရေတက်လာတာမဟုတ်ဘူး ရေစီးပါ ပါလာတယ်။ တခါတည်း အရှိန် ပါလာတယ်။ အဲဒါကြောင့် အထိနာတာက မြောက်ဦးမှာ လေးမြို့မြစ်ကမ်းခြေမှာရှိတဲ့ ရွာအားလုံးက အထိနာတယ်။ မြောက်ဦးမှာ ရေက ဘယ်လောက်ထိ တက်သွား၊ ကြီးသွားလဲ။ “မြောက်ဦးမြို့ပေါ် ဆိုရင် တချို့ရပ်ကွက်တွေမှာ ၇ ပေ တက်တယ်။ တောင်အရပ် (မြို့လယ် ဧရိယာ) မှာ ၆ ပေတက်တယ်။ သာမန်လမ်းတွေကနေအမြင့်ပေါ့နော်။ ၆ ပေနဲ့ ၇ ပေအကြားမှာ မြင့်တက်လာတယ်။ မြောက်ဦးမှာက တောင်တွေရှိတယ်။ တောင်တွေ ဘုရားတွေပေါ် တက်ပြေးကြတယ်။ အဲဒီလို ရေက ဒလဟော စီးဆင်းပြီးလာတဲ့အတွက်ကြောင့်၊ ရေစီးမြန်တဲ့အတွက်ကြောင့် ၉ ရွာက၊ ၉ ရွာက ကျနော်တို့အဆက်အသွယ်ရသလောက်ပေါ့နော်၊ တခြားရွာတွေလည်းရှိမှာပေါ့။ အဲဒီမှာ ကျောင်းတောင်ဆိုတဲ့ရွာမှာ လူသေတဲ့အဆင့် ရောက်သွားတယ်။ လူပျောက်နေတာတွေရှိတယ်။ အလောင်းဆို ၂ လောင်းရထားပြီပေါ့နော်။ အဲဒါ လေးမြို့မြစ်တောက်လျောက်ပြောနေတာ။ ရေကတော့ ရွာကိုအားလုံးတက်တာကို သူတို့ပြောပြချက်အရ အရမ်းအရှိန်မြန်တဲ့အတွက်ကြောင့် ကြားတဲ့နေရာမှာ အိမ်မှာနေလို့မရဘူး၊ ကမ်းနားက အိမ်တွေက တရွာမှာဆို (၄၀)၊ တရွာမှာဆို (၂၀) အဲလိုမျိုး ကမ်းနားမှာ ရှိနေတဲ့ရွာတွေအားလုံး ရေစီးနဲ့ မျောပါသွားတယ်။ လေးမြို့မြစ်ရဲ့ကမ်းနားမှာမေးတင်ပြီးနေကြတဲ့ မိသားစုတွေပေါ့နော်။ လူတွေ သေတာလည်းရှိသလို မပါတဲ့ဥစ္စာရှိတယ်၊ ထွက်ပြေးပြီး လွတ်ကြလို့။ လေးမြို့မြစ်က ကမ်းအရမ်းစောက်တယ်လေ။ ရေကျပြီဆိုရင် ကမ်းပါးကနေ ပေ ၂၀ လောက်စောက်တယ်ဆိုတော့ တွဲကျန်ခဲ့တဲ့အိမ်တွေရှိတယ်။ ကျောင်းတောင်ရွာမှာဆိုရင် လူ ၂ ယောက်သေတယ်ပေါ့နော်။  ပုစွန်ဖေဆိုတဲ့ အရှေ့ဘက်အခြမ်းမှာ မိသားစုတစုလုံးသေတယ် ၄ ယောက်။ နောက် သံရှင်ပင်ဆိုတဲ့ရွာမှာ အကုန်ထွက်ပြေးရတယ်။ အိမ်ခေါင်မိုးလေး အစွန်းလောက်ပဲ မြင်ရတယ်။ အသေအပျောက်တော့ သူက အတိအကျ မသိသေးဘူး။ လေးယောက်ပဲကျန်တယ်လို့ပြောတယ်။ ကွန်ဖန်းမဖြစ်သေးဘူး။ မြို့ပေါ်မှာ အိမ်လုံးလိုက် မျောပါသွားတာက ကြက်လျှာစွန်းရပ်ကွက်  မှာ ၁၃ အိမ်ပါသွားတယ်။ အုန်းတော၊ မဟိန်းကြီး အားလုံးမြှုပ်တယ်။ မဟိန်ကြီးမှာ အိမ်ခြေ ၁၅၀ လောက်ရှိမယ်။ မြောက်ဦးမှာ ယာယီ ကယ်ဆယ်ရေးစခန်းက ၁၀ ခုရှိတယ်။ ဒုက္ခသည်အားဖြင့်ဆို ၈ ထောင်လောက်က  ဘုန်းကြီးကျောင်းတို့။ စာသင်ကျောင်းတို့ အိုင်ဒီပီစခန်းတွေမှာ နေကြတယ်။ တချို့ကတော့ ရေကျသွားတော့  ကိုယ့်အိမ်ကိုယ်ပြန်နေကြပြီ။ ” မင်းပြားမြို့ အခြေအနေကရော။ မြင်းပြားမှာ စိတ္တရကျေးရွာတို့၊ မင်းဖူးကျေးရွာတို့၊ ရွှေကြံကျေးရွာတို့ က ထိခိုက်ဆုံးနေရာဒေသတွေဖြစ်ပြီး မင်းပြားမှာ အားလုံးစုစုပေါင်းဆို ၂၁ ယောက်သေတယ်။ မင်းပြားတခုတည်းတင်။ ငါးဇင်ရိုင်းချောင်းတရွာတည်းတင် ၁၀ ယောက်သေတယ်။ ချင်းစိန်ဆိုတဲ့ရွာက ၁ ယောက်၊ မင်းဖူးရွာမှာ ၅ ယောက်၊ ကျန်တဲ့ရွာတွေကတော့ အတိအကျမသိဘူး။ နားပိတ်ချောင်းရွာမှာ။ နောက် ငါးသံပြင်းတံတား ကျိုးသွားတယ်။ ပေါက်တောကိုသွားတဲ့လမ်းမှာ။  မင်းပြားကယ်ဆယ်ရေးအခြေအနေ ကျနော်မရသေးဘူး။ ကျောက်တော်အခြေအနေကရော။ ကျောက်တော်မှာ ကျောက်တော်နဲ့ နီးတဲ့ရွာတွေက နည်းနည်းခံသာတယ်။ သိပ်ပြီးတော့ ရေတက်လို့ဒုက္ခမရောက်ဘူးပေါ့နော်။ ကျောက်တော်က ဇင်းခါရှည်၊ ဆင်အိုးခြံ၊ နီဂျာဒါရွာ အဲဒီအောက်ပိုင်း။ နောက် ရောင်စုံကျေးရွာ၊ အဂေါတောမဏီ၊ လှမဒီ၊ တဲထပ် အဲဒီနားက ရွာ ၂၀ လောက်ရှိမယ်။ အကုန်မြုပ်တယ်။ အဓိက နယ်မှာ အထိနာတယ်။ ဘာဖြစ်လို့ဆို သူတို့မှာ ၀မ်းစာစပါးနဲ့ မျိုးစပါးတို့ ဆန်တို့ ဘာမှ မရလိုက်ဘူး။ သူတို့လုပ်စားနေတဲ့ ကျွဲနွားတွေက ဘယ်ရောက်မှန်းမသိဘူး။ လက်ရှိအခြေအနေအရ။ ရေဘေးဒုက္ခသည်အတွက် အလိုအပ်ဆုံးတွေက ဘာတွေပါလဲခင်ဗျာ။ “ပထမ အလိုအပ်ဆုံးက food (အစားအစာ) လိုအပ်ပါတယ်။ နံပါတ် ၂ က water, diriking water သောက်ရေသန့်ပေါ့။ နောက် သုံးရေနဲ့အိမ်သာ လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆို ကန်တွေက နောက်ကျိတဲ့ရေတွေ ၀င်သွားတယ်လေ။ အဲဒါကြောင့် water and sanitation program (ရေနဲ့အိမ်သာ ဖော်မယ့်အစီအစဉ်) ၀င်ရမယ်။ ကျနော်တို့ အေဘီစီဒီအဖွဲ့က ၀င်မလို့ စီစဉ်နေပါတယ်။ နံပါတ် ၃ က shelter အမိုးအကာလိုတယ်။ သူတို့ တာပေါ်လင်တို့ ဘာတို့ သူတို့ကို ပေးရမယ်။ နံပါတ် ၄ က medicine ဆေးဝါးပေါ့။ အစားအစာတခုတည်း ပေးလို့မရဘူး။ ရေနဲ့ မိလ္လာအတွက်လည်း စီစဉ်ပေးရမယ်။ ဘာဖြစ်လို့လည်းဆို ၀မ်းပျက်ဝမ်းလျော ဖြစ်ပွားဖို့က အလားအလာများနေပြီအခုက။ ကလေးတွေဆို အစာမစားရဘူး။ ရတာစား၊  ရေက ရတဲ့ရေသောက်ဆိုတော့ တချို့ရွာတွေမှာဆို ကလေးတွေက ၀မ်းပျက်ဝမ်းလျှောဖြစ်နေပြီ။ မြောက်ဦးက မြောင်းငွေကျေးရွာမှာဖြစ်နေတာ လေးမြို့မြစ်ဘေးကပဲ။“ “နောက်တခု အရေးကြီးတာက ဒီမှာ ဆန်ဈေးတွေက အရမ်းတက်နေတယ်။ ကျနော်တို့က ရေရှည်လုပ်ချင်တယ်။ ပရိုပိုဆယ်ပေးဆိုလည်းကျနော်တို့ ပေးမယ်။ ဆိုတော့ ကျနော်တို့ ကာဗာဖြစ်တာသည် ရေနဲ့ရေကောင်းရေသန့်ရရှိရေး ကိစ္စဖြစ်တဲ့အတွက်ကြောင့် အရင်ကလည်းလုပ်လာတော့။ အခုလက်ရှိ အိုင်ဒီပီစခန်း (ကယ်ဆယ်ရေးစခန်းမှာ) ယာယီသုံးအိမ်သာ အလုံး ၅၀ လောက် ဆောက်ဖို့လုပ်နေတယ်။ ကျနော်တို့က မြောက်ဦးကိုပဲ ဦးတည်လုပ်ပြီး ကျန်တဲ့နေရာမှာ ဖြည့်လုပ်သွားဖို့။ စိတ်ဝင်စားတဲ့အလှူရှင်ရှိရင် ကျနော်တို့ကို ပံ့ပိုးကူညီစေချင်ပါတယ်။ ဆက်သွယ်ရန် - ကိုစံသိန်း 09 450 540 163 ( စစ်တွေ)”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024