Live
Home
ဆောင်းပါး
ထိုင်း-မြန်မာ ၁၄ ရက် ဗီဇာကင်းလွတ် ကူးသန်းသွားလာ နေထိုင်ခွင့်နဲ့ အလားအလာ
DVB
·
August 3, 2015
ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ပတ်စ်ပို့စ်ရှိသူတိုင်း သံရုံးကို ဗီဇာသွားလျှောက်နေစရာ မလိုတော့ဘဲ နှစ်နိုင်ငံ ကူးလူးသွားလာ လည်ပတ်ခွင့်ပြုတဲ့ သဘောတူညီချက်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၂၈ ရက်နေ့က လက်မှတ်ရေးထိုး ပြီးစီးသွားခဲ့ပါပြီ။ ဗီဇာကင်းလွတ်ခွင့်နဲ့ ထိုင်းနိုင်ငံကို ၀င်ရောက်ချင်တဲ့ မြန်မာနိုင်ငံသား ပတ်စ်ပို့စ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ရော မြန်မာနိုင်ငံကို ၀င်ရောက်ချင်တဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့ပါ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ၀င်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ နှစ်နိုင်ငံ ၀င်ရောက်လိုသူတွေ အနေနဲ့ တခြားလိုအပ်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီးလို့ကတော့ ဧရာဝတီ သတင်းဌာနက သတင်းထောက် ငြိမ်းချမ်းရဲ့ အမေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က  “အဲဒါတွေကတော့ သက်ဆိုင်ရာ သံရုံးတွေကနေပြီးတော့ သူတို့ ဝက်ဘ်ဆိုက်တွေကနေပြီးတော့ သတင်းတွေ ထုတ်ပြန်လိမ့်မယ်။ နဂိုက ရှိပြီးသားထက် ဘာမှ ပိုပြီးများလာစရာအကြောင်း မရှိပါဘူး။ တခုပိုပြီးတော့ သက်သက်သာသာ ရှိသွားတာကတော့ သံရုံးတွေမှာ သွားပြီးတော့ ဗီဇာတွေ သွားလျှောက်ထားနေစရာ မလိုဘူး။” လို့ ဖြေကြားသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ ၁၄ ရက်ဗီဇာကင်းလွတ်ခွင့်နဲ့ ထိုင်းနိုင်ငံကို ၀င်ရောက်ကြမယ့် မြန်မာနိုင်ငံသားတွေကို မူအရ ထိုင်းနိုင်ငံရဲ့ လေဆိပ် ၂၃ ခုကနေ ၀င်ရောက်မှသာ ၀င်ရောက်ခွင့် ပြုထားပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ထိုင်းနိုင်ငံကို ပျံသန်းတဲ့ လေယာဉ်တွေကို စီးနင်းရမှာဖြစ်ပြီး ပထမဆုံး ဆင်းသက်တဲ့ လေဆိပ် ဆူဗာနဘောန်၊ ဒွန်မောင်းနဲ့ ချင်းမိုင်လေဆိပ်တွေမှာပဲ ဗီဇာကင်းလွတ်နေထိုင်ခွင့်ကို ရယူနိုင်ပါတယ်။ စာချုပ်ပါ သတ်မှတ်ချက်အရ  ဗီဇာကင်းလွတ်ခွင့် ရယူနိုင်ခွင့်ရှိတဲ့ လေဆိပ်တွေကတော့ ဆူဗာနဘောန်၊ ဒွန်မောင်း၊ ချင်းမိုင်၊ ချင်းရိုင်၊ ဟတ်ယိုင်၊ ဖူးခက်၊ နန်း၊ ပစ်စနူလော့၊ မဲဆောက်၊ မယ်ဟောင်ဆောင်၊ ခွန်ခင်၊ နခွန်ရချာဆီမာ၊ ဥဒုနဌာနီ၊ ဥဘွန်ရချာသနီ၊ ခရာဘီ၊ ထရန်း၊ နာရထီဝပ်၊ ရနောင်း၊ ဆူရတ်ဌာနီ၊ ဟွာဟင်၊ ဆမွီ၊ ဆူခိုထိုင်းနဲ့ ဥတာပေါင်တို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ကြမယ့် ထိုင်းနိုင်ငံသားတွေကိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ လေဆိပ်တွေဖြစ်ကြတဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေမှာ ဗီဇာကင်းလွတ် နေထိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ခုချိန်မှာ နှစ်နိုင်ငံအကြား ပျံသန်းပေးနေတဲ့ လေကြောင်းလိုင်း ၇ လိုင်း ရှိပါတယ်။ ခု သဘောတူ စာချုပ်အရ အဓိက ပေးမှာကတော့ အလည်အပတ် ခရီးသွားတွေ အတွက်ပဲ ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ကို ထိုင်းနိုင်ငံ နယ်စပ်စီးပွားရေးလုပ်ငန်း အများဆုံး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ မြ၀တီ၊ တာချီလိတ်၊ ထီးခီးနဲ့ ကော့သောင်း ၄ နေရာကနေ ကုန်းလမ်းနဲ့ ဖြတ်သန်းဝင်ရောက်ခွင့်ပါ တိုးချဲ့ပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ဆွေးနွေးပွဲတွေမှာတုန်းကတော့ ကုန်းလမ်းက ဗီဇာကင်းလွတ်နေထိုင်ခွင့် ပေးဖို့ကို တချို့အစိုးရဌာနတွေက လုံခြုံရေးနဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို အကြောင်းပြပြီး ဆန့်ကျင် ကန့်ကွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေး နောက်ပိုင်းမှာတော့ မြန်မာအစိုးရဘက်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြီးသတ် သဘောတူညီမှုယူဖို့ သဘောတူ လက်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံက အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေကို ဗီဇာလွတ် ၀င်ရောက်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဗီဇာလွတ် ခရီးသွားခွင့်ကို လက်မှတ်ရေးထိုးပြီးရင်တောင်မှ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ သဘောတူစာချုပ်အရ လွတ်လပ်စွာ ခရီးသွားလာခွင့်အပေါ် ကတိပြုထားမှုကို ပြီးပြည့်စုံအောင် ဆောင်ရွက်ဖို့ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေနဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီမှုရဖို့ ညှိနှိုင်းဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဗီဇာကင်းလွတ် ခရီးသွားလာ ၀င်ရောက်ခွင့်ကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချတာကို ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ရင်လတ် ဆင်ဝါနာထရာ လက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အတည်ပြု လက်မှတ်ရေးထိုးမှု မလုပ်နိုင်ခဲ့ပါဘူး။ ၂၀၁၄ ခုနှစ် မေလ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်မှာတော့ အဲဒီသဘောတူညီထားမှုဟာ နောက်ပိုင်းမှ ဆွေးနွေးရမယ့် ကိစ္စတရပ် ဖြစ်သွားခဲ့ရပါတယ်။ ခုသဘောတူညီမှု အသစ်ကတော့ အစက သဘောတူညီထားမှုတွေနဲ့ နည်းနည်းကွဲပြားမှု ရှိနေတယ်ဆိုတာ သဘောတူညီမှုရအပြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ တွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံဘက်က သူ့နိုင်ငံထဲကို ဗီဇာကင်းလွတ်ခွင့်နဲ့ ၀င်ရောက်ချင်သူတွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကတော့... ၁။ ထိုင်းနိုင်ငံကို အလည်အပတ် ခရီးသွားသူတွေအတွက်သာ၊ ၂။ ဗီဇာကင်းလွတ်ခွင့်ရဖို့ ရက် ၃၀ ဒါမှမဟုတ် ၁၅ ရက်အတွင်း ထိုင်းနိုင်ငံက ပြန်လည်ထွက်ခွာရဖို့ ပါရှိတဲ့ အသွားအပြန်လက်မှတ် ရှိရပါမယ်။ ထိုင်းနိုင်ငံကနေ ကုန်းလမ်းခရီး ရထား၊ ကား၊ ဘတ်စ်ကားတွေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား (စင်ကာပူသွားဖို့ ကြားခရီးထောက် အပါအ၀င်)၊ မြန်မာနိုင်ငံ စတဲ့နိုင်ငံတွေကို ထွက်ခွာတာကို ထိုင်းနိုင်ငံက ပြန်လည်ထွက်ခွာတာလို့ လက်မခံပါဘူး။ ၀င်ရောက်လာသူကို ရက် ၃၀ ဒါမှမဟုတ် ၁၅ ရက်အတွင်း ထိုင်းနိုင်ငံက ပြန်လည်ထွက်ခွာရမယ်ဆိုတာ ဖော်ပြထားတဲ့ လေယာဉ်လက်မှတ်ပါမပါ စစ်ဆေးခံရနိုင်ပြီး မပါရင် နိုင်ငံတွင်း ၀င်ရောက်ခွင့်ကို ငြင်းပယ်ခံရနိုင်ပါတယ်။ ၃။ ထိုင်းနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ ၀င်ရောက်သူမှာ အနည်းဆုံး ဘတ်ငွေ ၁၀၀၀၀ ပါရှိရမှာ ဖြစ်ပါတယ်။ လူတဦးချင်းအလိုက် ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းဥပဒေအရ အခွန်ငွေလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းဥပဒေအရ ထိုင်းနိုင်ငံထဲ ၀င်ရောက်ခွင့် ပေးထားပြီးဖြစ်တဲ့ နိုင်ငံပေါင်းကတော့ ဗီယက်နမ် အပါအ၀င် ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်း ၅၃ နိုင်ငံ ရှိနှင့်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနဲ့မြန်မာ ၂ နိုင်ငံကြားမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေ၊ ဥပမာ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်လို စီမံကိန်းမျိုး ရှိနေပြီး ဖြစ်သလို ထိုင်းနိုင်ငံဘက်မှာလည်း အထူးစီးပွားရေးဇုန် လုပ်နေတာတွေ ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်း လုပ်ဆောင်လိုသူတွေ အနေနဲ့ ၀င်ထွက်သွားလာရေးမှာ အများကြီး လွယ်ကူသက်သာ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ပိုမိုနားလည် ချစ်ကြည်ရင်းနှီးမှု ရရှိဖို့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နည်းပညာအရ ဖလှယ်ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အကျိုးဆက်ကောင်းတွေ ရှိလာမှာဖြစ်သလို ၂ နိုင်ငံစလုံးအတွက် အကျိုးပျက်စေနိုင်တဲ့၊ တခြား ကမ္ဘာ့နိုင်ငံတွေကိုလည်း ဒုက္ခပေးနိုင်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု လုပ်နေကြတဲ့ မသမာသူ လောဘသမားတွေကလည်း ဒီအခွင့်အရေးကို အသုံးချလာနိုင်တဲ့အတွက် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးပိုင်းကိုလည်း အထူးသတိပြုရမှာ ဖြစ်ပါတယ်။ အခုလို ထိုင်း-မြန်မာ ၂ နိုင်ငံကြား ၁၄ ရက် ဗီဇာကင်းလွတ် နေထိုင်ခွင့် ရှိလာတဲ့အတွက် ကုန်သွယ်စီးပွား အကျိုးအမြတ်တွေ ၂ ဘက်စလုံးမှာ တိုးများလာမှာပါပဲ။ ဒါပေမယ့် စီးပွားရေးနဲ့ စက်မှုဖွံ့ဖြိုးမှု ရှိနှင့်ပြီးဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ ဖြည့်စွက်တန်ဖိုးရှိ ထုတ်ကုန်ပစ္စည်းတွေကနေ အကျိုးအမြတ် အခွင့်အလမ်းတွေ ပိုပြီးရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကတော့ သဘာဝ သယံဇာတ ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ ပိုပြီးဆုံးရှုံးလာနိုင်စရာ ရှိနိုင်ပါတယ်။ ၂ ဘက်အစိုးရ အနေနဲ့ ကုန်သွယ်စီးပွားအခွန်ငွေတွေ ပိုမိုရရှိလာပါလမ့်မယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအစိုးရက ရလာတဲ့ အခွန်အကောက်တွေကို ထိုင်းပြည်သူလူထု အကျိုးအတွက် ကဏ္ဍပေါင်းစုံမှာ ပိုပြီးဆောင်ရွက်ပေးပုံမျိုး မြန်မာနိုင်ငံက စစ်အရေခွံလဲ အစိုးရက ပြည်သူလူထုအကျိုးကို ဆောင်ရွက်ပေးပါ့မလား၊ သူတို့အကျိုးစီးပွားနဲ့ အာဏာတည်မြဲရေး အတွက်ပဲ အသုံးချနေကြအုံးမှာလားလို့ စဉ်းစားလိုက်ရင်တော့ ခုပုံအတိုင်းဆိုရင် အလားအလာ သိပ်မရှိလှဘူးလို့ပဲ ပြောရမှာပါပဲ။     ။ စိုးနေလင်း           

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024