Home
မြန်မာသတင်း
မြန်မာပြည်မှ ရှမ်းရွှေ့ ပြောင်းအလုပ်သမား ဘတ် ၆ သန်း ထိုင်းထီ ပေါက်
DVB
·
August 3, 2015
ဒီတပတ်ထွက်တဲ့  ထိုင်းအစိုးရထီ ပေါက်ဂဏန်း ၆ လုံးတိုက် ပထမကံထူးရှင်ဆုကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်က ရှမ်းတိုင်းရင်းသား မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ရရှိသွားတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ချင်းမိုင်ခရိုင် ဆာရပီးမြို့နယ် ချိုင်းဆထန်ရပ်ကွက် သက်မွေးပညာလေ့လာရေး ဗဟိုဌာနက ခြံအလုပ်သမားဖြစ်သူ စိုင်းဖွမ် လုန်းအောင်နဲ့ ဇနီးဖြစ်သူ နန်းကမ် လုန်းအောင် တို့ဟာ ဂဏန်း ၃ လုံးကို အိပ်မက်မက်ပြီး အဆိုပါဂဏန်းပါ ထီတစုံကို လိုက်လံရှာဝယ်ယူခဲ့တာလို့  ကံထူးရှင်က သတင်းထောက်ကို  ပြောပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ထီပေါက်စဉ်ထွက်ရာမှာ တကယ်ပဲ အနောက်ဂဏန်း ၃ လုံးကို တွေ့ခဲ့ကြောင်း၊ သြဂုတ်လ  ၂ ရက်မိုးလင်းလို့ သေချာထပ်ပြီး တိုက်ကြည့်ရာမှာ ပထမဆု ပေါက်ဂဏန်း ၅၁၈၆၇၇ အားလုံးတူနေတာ တွေ့ရကြောင်း၊ သူက အလုပ်ရှင်ကို သွားအကြောင်းကြားပြီး ထိုင်းကော်မာရှယ်ဘဏ်မှာ ငွေသွားထုတ်တာ ဘတ်ငွေ ၆ သန်း ရရှိတဲ့အတွက် ၀မ်းသာလွန်းလို့ မေ့လဲမတတ်ဖြစ်သွားတယ်လို့ စိုင်းဖွမ်က ပြောပါတယ်။ ဒီမတိုင်ခင် သူတို့ဇနီးမောင်နှံဟာ သူတို့အလုပ်လုပ်နေတဲ့ ခြံထဲက နတ်ကွန်းမှာ အမြဲသွားရောက် ဆုတောင်းလေ့ရှိကြောင်း၊ အဲဒီနောက် အိပ်မက်ထဲမှာ တစုံတယောက်က ဂဏန်း ၃ လုံး လာပေးသွားတယ်လို့ ဆက်ပြောပါတယ်။ အခုလို ထီပေါက်တဲ့အတွက် နတ်ကွန်းကို ဘတ် ၅ သောင်းဖိုး အလှူလုပ်ပေးမှာဖြစ်ပြီး ငွေတချို့ကို မြန်မာပြည်မှာရှိတဲ့ နှစ်ဘက်မိဘတွေကို ပြန်လည်ထောက်ပံ့ပေးကာ ကျန်တဲ့ငွေကိုတော့ အသက် ၇ နှစ်ရွယ် သမီးဖြစ်သူ ပညာကောင်းကောင်းသင်နိုင်ဖို့ ဘဏ်မှာသိမ်းထားပေးမှာဖြစ်ကြောင်း၊ သူတို့ဇနီးမောင်နှံအနေနဲ့တော့ မူလ ခြံစောင့်အလုပ်ကိုပဲ ဆက်လုပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024