တာလီဘန်ခေါင်းဆောင်သစ် မူလာမွန်ဆာ ဘာသာရေးစစ်ပွဲ ဆက်ဆင်နွှဲမည်ဟုပြော

တာလီဘန်ခေါင်းဆောင်သစ် မူလာမွန်ဆာ။ (ဓာတ်ပုံ - စီအန်အန်)
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်ခေါင်းဆောင်သစ်ဖြစ်လာတဲ့ မူလာမွန်ဆာ (Mullah Mansour) က တာလီဘန်တပ်ဖွဲ့တွေအချင်းချင်း ညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး လက်ရှိ တိုက်နေတဲ့ ဘာသာရေးစစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမယ်လို့ သြဂုတ် ၁ ရက်နေ့က ပြောပါတယ်။ မူလာရဲ့ မိနစ် ၃၀ ကြာ မိန့်ခွန်းကို အသံသွင်းပြီး သတင်းထောက်တွေကို ဖြန့်ဝေပေးပို့ခဲ့တာပါ။ အရင်တာလီဘန်ခေါင်းဆောင် မူလာအိုမာ သေဆုံးမှုကို တာလီဘန်တွေက အတည်ပြုခဲ့အပြီးမှာပဲ မူလာမွန်ဆာကို တာလီဘန်ခေါင်းဆောင်သစ်အဖြစ် ဇူလိုင် ၃၀ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့တာပါ။ ဒါပေမယ့် တာလီဘန် ပြောခွင့်ရတဦးကတော့ မူလာအိုမာရဲ့ လက်ထောက် မူလာမွန်ဆာကို တာလီဘန်ခေါင်းဆောင်သစ်အဖြစ် တင်လိုက်ပေမယ့် တာလီဘန်တပ်ဖွဲ့အားလုံးရဲ့ သဘောထားနဲ့ ရွေးချယ်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ သူ့ကို ပါကစ္စတန်နဲ့ နီးစပ်တဲ့ တာလီဘန်အဖွဲ့တွေက တင်မြှောက်လိုက်တာဖြစ်ပြီး အစ္စလာမ္မစ် ရှရီယားဥပဒေနဲ့ မကိုက်ညီဘူးလို့ တချို့တာလီဘန်ခေါင်းဆောင်တွေက ပြစ်တင်ကြပါတယ်။ မူလာမွန်ဆာကတော့ လက်ရှိ ပါကစ္စတန်က စေ့စပ်ပေးနေတဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရန်သူတွေရဲ့ ၀ါဒဖြန့်ချိမှုဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။ အာဖဂန်တာလီဘန်အဖွဲ့ အနည်းဆုံး ၁ ဖွဲ့က ခေါင်းဆောင်ဟောင်း မူလာအိုမာရဲ့သားကို ခေါင်းဆောင်သစ်အဖြစ် တင်လိုကြတယ်လို့ တာလီဘန်အဖွဲ့တဖွဲ့ရဲ့ ပြောခွင့်ရတဦးက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up