A d v e r t i s e m e n t With Us

အမျိုးသမီးများအတွက် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ

ကမ္ဘာ့​နိုင်ငံအသီး​သီး​က လူသား​တွေအကြား​မှာ လူမျိုး​တွေ ဘယ်လိုပဲ ကွဲပြား​ကွဲပြား​၊​ ယဉ်​ကျေး​မှု ထုံး​တမ်း​စဉ်လာ​တွေ ဘယ်လိုပဲ ခြား​နား​ခြား​နား​၊​ တူညီတာတခု​တော့​ ရှိပါတယ်။ အဲဒါက​တော့​ လူသား​တိုင်း​မှာ ရှိတဲ့​ ​မွေး​ရာပါ လူ့​အခွင့်​အ​ရေး​ပါ။ သည်​မွေး​ရာပါအခွင့်​အ​ရေး​အရ လူသား​တိုင်း​ဟာ မိမိ ကံကြမ္မာကို မိမိကိုယ်တိုင်စီမံဖန်တီး​ခွင့်​၊​ လွတ်လပ်စွာ ​တွေး​ခေါ်ခွင့်​နဲ့​ လွတ်လပ်စွာ ​ပြောဆိုခွင့်​တွေကို ရရှိခံစား​ရမှာ ဖြစ်ပါတယ်။ သည်​မွေး​ရာပါ လူ့​အခွင့်​အ​ရေး​တွေကို လူသား​တိုင်း​ ရရှိခံစား​ဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်။ ဒါ​ကြောင့်​လည်း​ သက်ဆိုင်ရာ နိုင်ငံအစိုး​ရများ​ရဲ့​ အဓိကလုပ်ငန်း​တာဝန်​တွေထဲမှာ လူသား​တွေရဲ့​ ရပိုင်ခွင့်​တွေကို ကာကွယ် ​စောင့်​ရှောက်ရမယ်ဆိုတဲ့​ အချက်တချက် ပါဝင်​နေတာပါ။ ဘာ​ကြောင့်​လဲဆို​တော့​ လူသား​တွေဟာ ​မွေး​ရာပါအခွင့်​အ​ရေး​တွေကို ရရှိပါမှ သူ့​မှာကိန်း​အောင်း​နေတဲ့​ စွမ်း​အား​တွေကို ပြည့်​ပြည့်​ဝဝအသုံး​ချနိုင်ပြီး​ ဖွံ့​ဖြိုး​တိုး​တက်လာမှာ ဖြစ်လို့​ပါပဲ။ လူ့​စွမ်း​အား​တွေ တိုး​တက် ဖွံ့​ဖြိုး​လာတာနဲ့​အမျှ လူ့​အဖွဲ့​အစည်း​ရဲ့​ အဆင့်​အတန်း​ကလည်း​ ​ရေမြင့်​ရင် ကြာတင့်​ ဆိုသလို မြင့်​မား​လာမှာဖြစ်ပါတယ်။ ဒါ​ကြောင့်​ လူ့​အဖွဲ့​အစည်း​ ရှင်သန်တိုး​တက်​ရေး​အတွက် လူတိုင်း​ လူတိုင်း​ လူ့​အခွင့်​အ​ရေး​ရရှိခံစား​ဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်။ လူ့​အခွင့်​အ​ရေး​ရရှိဖို့​ ဆိုတာမှာ အမျိုး​သား​တွေ​ရော၊​ အမျိုး​သမီး​တွေပါ တန်း​တူအခွင့်​အ​ရေး​ ရဖို့​က အ​ရေး​ကြီး​လာပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ နိုင်ငံ​တော်လူဦး​ရေ​တွေရဲ့​ တဝက်​ကျော်ဟာ အမျိုး​သမီး​များ​ ဖြစ်​နေလို့​ပါပဲ။ အမျိုး​သမီး​များ​ လူ့​အခွင့်​အ​ရေး​ မရတာဟာ သက်ဆိုင်ရာ လူ့​အဖွဲ့​အစည်း​ရဲ့​လူဦး​ရေတဝက် လူ့​အခွင့်​အ​ရေး​မရတာနဲ့​ အတူတူပါပဲ။ ထပ်ဆင့်​တွက်ချက်လိုက်ရင် သက်ဆိုင်ရာ လူ့​အဖွဲ့​အစည်း​ရဲ့​ လူဦး​ရေတဝက်ကို စွမ်း​အား​ကင်း​မဲ့​အောင် လုပ်​နေတာနဲ့​ အတူတူပါပဲ။ ဒါ​ကြောင့်​ နိုင်ငံတခု ဖွံ့​ဖြိုး​တိုး​တက်ဖို့​အတွက် အမျိုး​သမီး​များ​အ​နေနဲ့​ ကိုယ့်​ကြမ္မာကိုယ်ဖန်တီး​နိုင်မယ့်​ လူ့​အခွင့်​အ​ရေး​တွေရရှိဖို့​ အလွန်လိုအပ်လှပါတယ်။ “အမျိုး​သမီး​တွေဟာ လူ့​အဖွဲ့​အစည်း​ရဲ့​ အစိတ်အပိုင်း​တွေဖြစ်တယ်” ဆိုတာ သိရှိ လက်ခံလာကြတာနဲ့​အမျှ ကမ္ဘာတဝှမ်း​မှာ အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​မှု​တွေ အများ​အပြား​ ​ပေါ်​ပေါက်ခဲ့​ပါတယ်။ အမျိုး​သမီး​လှုပ်ရှား​မှု​တွေဟာ ၁၇ ရာစုနဲ့​ ၁၈ ရာစုနှစ်​တွေမှာ အ​မေရိကန် ပြည်​ထောင်စုနဲ့​ ဥ​ရောပတိုင်း​ပြည်​တွေမှာ အစပြုခဲ့​ပြီး​ ၂၀ ရာစု​ရောက်တဲ့​အခါမှာ အာရှနဲ့​အာဖရိကနိုင်ငံများ​ကို ပျံ့​နှံ့​သွား​ခဲ့​ပါတယ်။ နိုင်ငံ​ရေး​အခွင့်​အ​ရေး​ဆိုတာ မဲ​ပေး​ပိုင်ခွင့်​၊​ ​ရွေး​ကောက်ပွဲ​တွေမှာ ဝင်​ရောက်ယှဉ်ပြိုင် အ​ရွေး​ခံနိုင်ခွင့်​နဲ့​ တရား​မျှတ​သော ​ရွေး​ကောက်ပွဲ စတာ​တွေနဲ့​ ပတ်သက်တဲ့​ အခွင့်​အ​ရေး​များ​ ဖြစ်ပါတယ်။ ဥပ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အ​ရေး​ ဆိုတာက​တော့​ မျှတ​သော တရား​စီရင်​ရေး​စနစ်၊​ ​မြေယာပိုင်ဆိုင်မှု အခွင့်​အ​ရေး​ စတာ​တွေနဲ့​ ပတ်သက်ပါတယ်။ ကမ္ဘာတဝှမ်း​မှာရှိတဲ့​ နိုင်ငံ​တော်​တော်များ​များ​မှာ အမျိုး​သမီး​တွေဟာ မဲ​ပေး​ပိုင်ခွင့်​အတွက် ခက်ခက်ခဲခဲ လှုပ်ရှား​ပြီး​မှ ​အောင်မြင်မှု​တွေ ရရှိခဲ့​ရပါတယ်။ နယူး​ဇီလန်နိုင်ငံဟာ အမျိုး​သမီး​များ​ မဲ​ပေး​ပိုင်ခွင့်​ကို ၁၈၉၃ ခုနှစ်မှာ ပထမဦး​ဆုံး​ ခွင့်​ပြု​ပေး​ခဲ့​တဲ့​ နိုင်ငံတခုပါ။ ၂၀ ရာစုကာလတ​လျှောက် နိုင်ငံ​ပေါင်း​များ​စွာမှာ လှုပ်ရှား​မှု​တွေ ဆက်တိုက်​ပေါ်​ပေါက် ​အောင်ပွဲဆင် နိုင်ခဲ့​ကြ​ပေမယ့်​ တချို့​နိုင်ငံများ​က အမျိုး​သမီး​တွေမှာ​တော့​ ဒီအခွင့်​အ​ရေး​ကို ယခုထိ မရကြ​သေး​ရှာပါဘူး​။ ဘရူနိုင်း​နဲ့​ ဗာတီကန်စင်တီး​တို့​မှာ အမျိုး​သမီး​တွေရဲ့​ မဲ​ပေး​ပိုင်ခွင့်​ကို ကန့်​သတ်ထား​ပါတယ်။ အမျိုး​သမီး​များ​ ​ရွေး​ကောက်ပွဲဝင်​ရောက် ယှဉ်ပြိုင်နိုင်ခွင့်​မှာလည်း​ ဒီအတိုင်း​ပါပဲ။ အိန္ဒိယ၊​ အင်ဒိုနီး​ရှား​၊​ သီရိလင်္ကာ၊​ နယူး​ဇီလန်၊​ ဖိလစ်ပိုင် စတဲ့​ နိုင်ငံ​ပေါင်း​များ​စွာမှာ အမျိုး​သမီး​ နိုင်ငံ​တော် အကြီး​အကဲ​တွေ ​ပေါ်​ပေါက်ခဲ့​ပေမယ့်​ အမျိုး​သမီး​များ​ကို နိုင်ငံ​ရေး​ဇာတ်ခုံ​ပေါ် မ​ရောက်​အောင် ပိတ်ပင်တား​ဆီး​နေတဲ့​ နိုင်ငံများ​စွာလည်း​ ရှိ​နေပါ​သေး​တယ်။ တကယ်​တော့​ အမျိုး​သမီး​တွေကို မဲ​ပေး​ပိုင်ခွင့်​ ​ပေး​ခြင်း​အား​ဖြင့်​ နိုင်ငံ​တော်အစိုး​ရရဲ့​ လူထုကို ကိုယ်စား​ပြုမှုအရည်အ​သွေး​ဟာ မြင့်​တက်လာပါတယ်။ အစိုး​ရတရပ်ဟာ လူထုကို ကိုယ်စား​ပြုရမှာ ဖြစ်တဲ့​အတွက် အမျိုး​သမီး​တွေရဲ့​ မဲ​ပေး​ပိုင်ခွင့်​နဲ့​ ​ရွေး​ကောက်ပွဲပါဝင်ခွင့်​တွေကို ကန့်​သတ်ထား​တဲ့​အစိုး​ရကို လူထုအား​လုံး​ကို ကိုယ်စား​ပြုတဲ့​အစိုး​ရလို့​ မသတ်မှတ်နိုင်ပါဘူး​။ မဲ​ပေး​ပိုင်ခွင့်​အပြင် အမျိုး​သမီး​တွေကို ​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်​၊​ နိုင်ငံ​ရေး​ဇာတ်ခုံမှာ ပါဝင်​ဆောင်ရွက်ခွင့်​ပေး​ခြင်း​ဟာလည်း​ အကျိုး​ကျေး​ဇူး​တွေ အများ​ကြီး​ ရရှိ​စေပါတယ်။ နိုင်ငံ​ရေး​ရာမှာ အမျိုး​သမီး​တွေ ပါဝင်လာတာဟာ နိုင်ငံ​ရေး​ဆိုင်ရာ ဆုံး​ဖြတ်ချက်​တွေရဲ့​ အရည်အ​သွေး​ကို မြင့်​တက်လာ​စေပါတယ်။ နိုင်ငံ​ရေး​သိပ္ပံပညာရှင် ​နော်ဒါလ်ဗာလ် ဆိုခဲ့​သလိုပဲ အမျိုး​သမီး​တွေ နိုင်ငံ​ရေး​ဇာတ်ခုံမှာ ပါဝင်​စေတာဟာ အမျိုး​သမီး​တွေရဲ့​ အမြင်သစ်​တွေ၊​ အရည်အချင်း​တွေနဲ့​ စွမ်း​ဆောင်ရည်​တွေကို အသုံး​ပြုခွင့်​ရရှိလာတာပဲ ဖြစ်ပါတယ်။ ဒီလိုကွဲပြား​တဲ့​အမြင်​တွေကို ​ဖော်ထုတ်ခွင့်​ပေး​တာဟာ ကြံဆတီထွင်တာကို အား​ပေး​တာဖြစ်တဲ့​အတွက် တိုး​တက်မှုကို ဦး​တည်​စေတဲ့​ လက္ခဏာတရပ်ဖြစ်ပါတယ်။ ဒါတင်မကဘဲ တခြား​ အမျိုး​သမီး​တွေရဲ့​ စိတ်အင်အား​ကို တိုး​မြှင့်​ပေး​တာ​ကြောင့်​ ကြိုး​စား​ချင်စိတ်၊​ တိုး​တက်ချင်စိတ်​တွေ ဖြစ်​ပေါ်လာ​စေပါတယ်။။ နိုင်ငံ​တော်ရဲ့​ လူဦး​ရေ တဝက်​ကျော်မှာ တိုး​တက်​အောင် ကြိုး​စား​ချင်စိတ်​တွေ ဖြစ်​ပေါ်လာတာဟာ လူ့​ဘောင်တခုလုံး​ရဲ့​ တိုး​တက်မြင့်​မား​ရေး​အတွက် တကယ့်​အ ​ထောက်အကူကြီး​ တခုပါပဲ။ မြန်မာနိုင်ငံမှာ အမျိုး​သမီး​တွေဟာ တရား​ဝင်မဲ​ပေး​ခွင့်​ရှိပါတယ်။ လွတ်လပ်​ရေး​ ရပြီး​စကာလက မြန်မာအမျိုး​သမီး​များ​ဟာ လွှတ်​တော်အမတ်များ​အဖြစ် နိုင်ငံ​ရေး​တာဝန်​တွေ ထမ်း​ဆောင်ခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ ဗိုလ်ချုပ်ကြီး​နေဝင်း​ခေါင်း​ဆောင်တဲ့​ စစ်အာဏာရှင်အုပ်စုက နိုင်ငံ​တော်အာဏာကို သိမ်း​ပိုက်ပြီး​ ​နောက်ပိုင်း​မှာ အမျိုး​သမီး​များ​ရဲ့​ နိုင်ငံ​ရေး​အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​သွား​ခဲ့​ရပါတယ်။ ၁၉၉၀ ခုနှစ်မှာ မဲ​ပေး​ခွင့်​နဲ့​ ​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်နိုင်ခွင့်​တွေ ရှိခဲ့​ပေမယ့်​လည်း​ အနိုင်ရတဲ့​ ​ရွေး​ကောက်ခံ ကိုယ်စား​လှယ်​တွေကို အာဏာသိမ်း​စစ်အစိုး​ရက အာဏာ မလွှဲ​ပေး​ခဲ့​ပြန်ပါဘူး​။ စစ်အစိုး​ရ ကျင်း​ပခဲ့​တဲ့​ အမျိုး​သား​ညီလာခံမှာလည်း​ ကိုယ်စား​လှယ် ၁၀၈၀ ​ယောက်မှာ အမျိုး​သမီး​ (၆၇) ​ယောက်သာ ပါဝင်ခဲ့​ပါတယ်။ ကမ္ဘာတဝှမ်း​က အစိုး​ရအဖွဲ့​ဝင်​တွေမှာ အမျိုး​သမီး​တွေ ပါဝင်​နေ​ပေမယ့်​ မြန်မာနိုင်ငံကို အုပ်ချုပ်​နေတဲ့​ စစ်အစိုး​ရထဲမှာ အမျိုး​သမီး​အစိုး​ရအဖွဲ့​ဝင် မပါရှိပါဘူး​။ ဒါ​ကြောင့်​ မြန်မာအမျိုး​သမီး​တွေဟာ နိုင်ငံ​ရေး​ဆိုင်ရာ အခွင့်​အ​ရေး​တွေဖြစ်တဲ့​ မဲ​ပေး​ပိုင်ခွင့်​၊​ ​ရွေး​ကောက်ပွဲဝင်​ရောက်ယှဉ်ပြိုင်ခွင့်​၊​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲနဲ့​ အစိုး​ရအဖွဲ့​ဝင်အဖြစ် တာဝန်ထမ်း​ဆောင်ခွင့်​ စတာ​တွေကို ပီပီပြင်ပြင် ခံစား​ခွင့်​မရခဲ့​ကြဘူး​ဆိုတာ ထင်ရှား​နေပါတယ်။ ဒီလိုအခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​နေတာဟာ မြန်မာ့​လူ့​ဘောင် ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို အများ​ကြီး​ ​နှောင့်​နှေး​စေပါတယ်။ ဒါ​ကြောင့်​ မြန်မာ့​လူ့​အဖွဲ့​အစည်း​ တိုး​တက်​ရေး​အတွက် အမျိုး​သမီး​တွေရဲ့​ နိုင်ငံ​ရေး​ဆိုင်ရာ အခွင့်​အ​ရေး​တွေနဲ့​ ဥပ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အ​ရေး​တွေကို ဝိုင်း​ဝန်း​မြှင့်​တင်ကြရပါမယ်။

A d v e r t i s e m e n t With Us

More News
Up