အမျိုးသမီးများ၏ ဥပဒေရေးရာ အခွင့်အရေးများကို မြှင့်တင်ခြင်း
DVB
·
June 14, 2011
အမျိုးသမီးများရဲ့ အခွင့်အရေးတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို ပိတ်ပင်ထားတဲ့ အတားအဆီးတွေထဲမှာ ဥပဒေရေး အခွင့်အလမ်းတွေဟာ အဓိကကျပါတယ်။ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှု၊ အမျိုးသမီးများ ဆင်းရဲနွမ်းပါးမှု၊ အခမဲ့စေခိုင်းမှု၊ ဥပဒေရေးရာ အခွင့်အရေးတွေကို နားမလည်တဲ့ အမျိုးသမီးများကို အနိုင်ကျင့်စော်ကားမှု စတာတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပွားနေဆဲပါပဲ။
အမျိုးသမီးအခွင့်အလမ်းတွေကို နှိမ့်ချထားတဲ့ ဥပဒေတွေ၊ နိုင်ငံတော်ရဲ့ တရားစီရင်ရေးကဏ္ဍချို့ယွင်းမှုတွေ၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ အမျိုးသမီးအခွင့်အလမ်းတွေကို ကန့်သတ်ထားကြပါတယ်။
ဒါကြောင့်လည်း ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အကြား ငါးနှစ်တာကာလအတွင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ဒေသခံ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ ပူးပေါင်းပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံ ဆယ်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဥပဒေအခွင့်အလမ်း မြှင့်တင်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီအစီအစဉ်တွေမှာ ကဏ္ဍ သုံးခု ပါဝင်ခဲ့ပါတယ်။ ပထမကဏ္ဍတခုကတော့ အမျိုးသမီးတွေရဲ့ ဥပဒေရေးရာ အခွင့်အလမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အယ်လ်ဘေးနီးယားနိုင်ငံ၊ မိုဇင်းဘတ်နိုင်ငံနဲ့ ဘီနင်နိုင်ငံတို့မှာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ အယ်လ်ဘေးနီးယားနိုင်ငံမှာ အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေကို ပြဋ္ဌာန်းပေးဖို့ အယ်လ်ဘေးနီးယား အမျိုးသမီးများက လက်မှတ်ရေးထိုးတောင်းဆိုမှုကို ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံထဲမှာရှိနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဟာ နယ်အနှံ့၊ မြို့အနှံ့ကို သွားရောက်ပြီး လက်မှတ်များ စုဆောင်းခဲ့ကြတာမှာ အယ်လ်ဘေးနီးယားအမျိုးသမီးများက တခဲနက်အားပေးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလက်မှတ်တွေကို အယ်လ်ဘေးနီးယား အစိုးရကို တင်ပြခဲ့ကြတာကြောင့် အယ်လ်ဘေးနီးယား ပါလီမန်ကနေ ဒီဥပဒေကို ပြဋ္ဌာန်းပေးလာခဲ့ပါတယ်။
မိုဇင်ဘတ်နိုင်ငံမှာဆိုရင်လည်း အမျိုးသမီးတွေကို လူကုန်ကူးတာနဲ့ ပတ်သက်ပြီး ဥပဒေတရပ် မရှိခဲ့သေးတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံအမျိုးသမီးများ စုပေါင်းပြီး လူကုန်ကူးမှုကို တားမြစ်တဲ့ ဥပဒေတရပ် ပေါ်ထွန်းလာအောင် ကြိုးပမ်းခဲ့ကြပါတယ်။ ဘီနင်မှာဆိုရင်လည်း နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိ လက်ရောက်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တားမြစ်တဲ့ ဥပဒေတရပ် ပေါ်ထွက်လာခဲ့ပါတယ်။
အမျိုးသမီးများရဲ့ ဥပဒေရေးရာအခွင့်အလမ်းတွေကို မြှင့်တင်ရေးဆိုင်ရာ ဒုတိယကဏ္ဍတခုကတော့ ချမှတ်ပြဋ္ဌာန်းထားတဲ့ အမျိုးသမီးအခွင့်အရေးဥပဒေတွေ ကျင့်သုံးရေး၊ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေကို တိုးမြှင့်ပေးရေးပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့၊ အမျိုးသမီး အခွင့်အလမ်းတွေ တိုးမြှင့်စေနိုင်ဖို့ဆိုတာ ဥပဒေတရပ် ပြဋ္ဌာန်းထားရုံနဲ့ မလုံလောက်ပါဘူး။ တရားရေးဆိုင်ရာ ဝန်ထမ်းများအားလုံးက ဒီဥပဒေကို လက်တွေ့နားလည် ကျင့်သုံးမှု ပြုလုပ်ဖို့ လိုအပ်လှပါတယ်။ ဒါနဲ့ပတ်သက်ပြီး အယ်လ်ဘေးနီးယား၊ ဘီနင်၊ ရဝမ်ဒါနိုင်ငံများမှာ တရားရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ဥပဒေလေ့လာသူတွေကို အမျိုးသမီး အခွင့်အရေးဥပဒေ ကျင့်သုံးရေးဆိုင်ရာနဲ့ ပတ်သက်ပြီး လေ့လာသင်ယူစေတဲ့ သင်တန်းပေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေက ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဘွဲ့တွေ၊ ဒီပလိုမာ ပရိုဂရမ်တွေကိုလည်း ဖော်ထုတ်ခဲ့ကြပါတယ်။ ဥပဒေ သင်ရိုးညွှန်းတန်းများမှာ အမျိုးသမီးတွေရဲ့ ဥပဒေအခွင့်အလမ်းဆိုင်ရာ ဘာသာရပ်များ ထည့်သွင်းလာခဲ့ကြပါတယ်။
နောက်ထပ်အရေးပါတဲ့ ကဏ္ဍတခုကတော့ အမျိုးသမီးများ ဥပေဒေရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်လူထုလူတန်းစားအဖွဲ့အစည်းတွေရဲ့ အကြံပေးနိုင်မှု၊ သင်တန်းပေးနိုင်မှု၊ အကူအညီပေးနိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးရေးဖြစ်ပါတယ်။ ဘီနင်နိုင်ငံမှာဆိုရင် အရပ်ဘက်လူထု လူတန်းစားအဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီး သင်တန်းမှူး တရာကျော်ကနေ အမျိုးသမီးများရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေကို အမျိုးသမီး တသိန်းကျော်ကို သင်တန်းပို့ချပေးခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံများဆိုရင်လည်း အမျိုးသမီးအဖွဲ့အစည်းများက ဦးဆောင်ပြီး၊ သိန်းနဲ့ချီတဲ့ အမျိုးသမီးတွေကို ဥပဒေရေးအခွင့်အလမ်းသင်တန်းတွေ ပို့ချပေးခဲ့ကြပါတယ်။
ဒါတင်မကသေးပါဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးများရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရေးအတွက် စာနယ်ဇင်း၊ သတင်းမီဒီယာတွေကနေ တင်ပြမှုတွေ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းဖြန့်ဝေမှုတွေလည်း ပြုလုပ်လာခဲ့ကြပါတယ်။
လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတော် စီးပွားရေး တိုးတက်ဖို့၊ အလုပ်သမား၊ တောင်သူလယ်သမား လူထုလူတန်းစားမရွေး သာတူညီမျှ ကောင်းစားဖို့၊ ဆင်းရဲနွမ်းပါးမှု လျော့ကျစေဖို့ စတဲ့ ကဏ္ဍတွေအားလုံးမှာ အမျိုးသမီးများရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်တွင်းရေး အခွင့်အလမ်းတွေ တိုးမြင့်လာဖို့ လိုအပ်လှပါတယ်။ ဒီလိုတိုးမြင့်လာဖို့ဆိုတာမှာလည်း ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုတွေပါ ပါဝင်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေကို ချမှတ်ပြဋ္ဌာန်းဖို့ လိုအပ်သလို၊ ဒီဥပဒေအခွင့်အလမ်းတွေကို လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးများအားလုံး နားလည်လာဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကနေတဆင့် နိုင်ငံတကာ အမျိုးသမီး အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမျိုးသမီးများရဲ့ ဥပဒေရေးအခွင့်အလမ်း မြှင့်တင်မှုအစီအစဉ်တွေ အကောင်အထည်ဖော်လို့ ရပါတယ်။
ဒါတင်မကသေးပါဘူး။ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဥပဒေချမှတ်ပြဋ္ဌာန်းနိုင်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်တာ၊ လက်မှတ်ရေးထိုးကမ်ပိန်းတွေ ပြုလုပ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်နိုင်ပါတယ်။ တက္ကသိုလ်၊ ကောလိပ် ပညာရေး ဝန်ထမ်းများကလည်း အမျိုးသမီးအခွင့်အရေး သင်တန်းတွေ ပို့ချတာ၊ သင်ရိုးညွှန်းတန်းတွေမှာ ထည့်သွင်းတာတွေကို ဦးဆောင် ဆွေးနွေးပြုလုပ်ခြင်းနဲ့ အမျိုးသမီးအခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်ပါတယ်။
လက်တင်အမေရိကမှာဆိုရင် အာဏာရှင်လက်အောက်မှာ စုဖွဲ့ပေါ်ထွက်လာခဲ့တဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကိုပါ ပံ့ပိုးပေးနိုင်ခဲ့ကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ တဖြည်းဖြည်း စုဖွဲ့မိရာကနေ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအတွက် နိုင်ငံရေးနေရာ ကျယ်ပြန့်လာခဲ့ပါတယ်။ အမျိုးသမီးများကနေတဆင့် လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို တည်ဆောက်လာနိုင်ခဲ့ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကနေ အိမ်တွင်းဒီမိုကရေစီ ကျင့်သုံးမှု စတင်လာခဲ့ပါတယ်။ အမျိုးသမီးများရဲ့ ဥပဒေရေးရာ အခွင့်အလမ်းတောင်းဆိုမှုတွေကနေ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုကို တိုးမြင့် ပေးခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုတာကလည်း အမျိုးသမီး၊ အမျိုးသားအားလုံးရဲ့ အခွင့်အရေးဖြစ်တာမို့ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးဆိုတာမှာ အမျိုးသမီးအခွင့်အရေးများ ရရှိဖို့ကလည်း အရေးကြီးပါတယ်။
ဒါကြောင့် အမျိုးသမီးများရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အရေးများကို မြှင့်တင်ပေးခြင်းဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုရှိတဲ့ လူ့ဘောင်တရပ် ပေါ်ထွန်းရေးအတွက် အရေးကြီးလှပါတယ်။