Live
Home
မြန်မာသတင်း
ပဲခူးတိုင်း စိုးရိမ်ရေမှတ် ကျော်လွန်၊ ပြည်မြို့ ကျေးရွာအချို့ ရေနစ်မြုပ် (ရုပ်သံ)
မင်းညို
·
August 2, 2015
မိုးများပြီး၊ ရောဝတီမြစ်ရေနဲ့ဆည်ရေတွေ တက်လာတာကြောင့် ပဲခူးတိုင်း၊ ပြည်မြို့က မြောက်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်နေပါတယ်။ ပဲခူးတိုင်း၊ ပြည်မြို့ထဲကို ဇူလိုင် (၂၇) ရက်နေ့က စတင်ရေ၀င်ခဲ့ပြီး အခုဆိုရင် ဧရာဝတီမြစ်ဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပါတယ်။ ဒါကြောင့် ပြည်မြို့ မြောက်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ န၀င်းရပ်ကွက်၊ ဂန္ဒာမာရပ်ကွက်၊ အောင်ဆန်းပြည်သာယာ၊ ရပ်ကွက်တွေနဲ့ န၀င်းချောင်းမြောက်ဘက်က ဖိုးခေါင်၊ ရှမ်းကုန်း၊ ကုန်းသလင်း၊ မြရွာ စတဲ့ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး ရေနစ်မြုပ်ခံရတဲ့အိမ်တွေက နီးစပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ယာယီခိုလှုံနေကြရပါတယ်။ အခုလို ရေကြီးနေတဲ့အပေါ် န၀င်းရပ်ကွက်နေ ဦးသန်းအေးက “ရေက နောက်ထပ် ၇ ရက်လောက်တော့ ရှိနေဦးမှာ။ အောက်ရေခံနေလို့၊ အထက်ရေကလည်း မကျသေးဘူး။ တာရိုးအောက်ခြေတွေမှာလည်း အိမ်တွေ ဆောက်ထားတယ်၊ ရေတွင်းတွေ တူးထားတယ်။ တကယ်က ကျနော်တို့ တမံတခုရဲ့ အနီးဆုံးပေ ၁၀၀ ပတ်လည်မှာ ဘာမှပြုလုပ်ခွင့်မရှိဘူး” လို့ ပြောပါတယ်။ ဒေသခံတွေကလည်း တာကြိုးမှာနဲ့ ရေထပ်ကြီးဦးမှာကို စိုးရိမ်နေကြပါတယ်။ တာဝန်ရှိသူတွေကလည်း ရေကြီးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုက်လံရှင်းပြတာ မရှိဘူးလို့ ဆိုပါတယ်။ လူ့ဘောင်သစ်ပါတီ (ပြည်မြို့) ဦးဝဏ္ဏက “အခုချိန် အရမ်းအရေးကြီးနေပြီ။ ခက်တာက ညပိုင်းတွေကို မီးဖြတ်ထားတာက မကောင်းဘူး။ မြွေပါး ကင်းပါ အန္တရာယ် စိုးရိမ်ရတယ်။ နောက်ပြီး အာဏာပိုင် လက်လှမ်းမမီတဲ့ ကျေးရွာတွေက လူတွေကိုကယ်ထုတ်ဖို့လည်း လိုအပ်နေပြီ။ အခုလည်း ပရဟိတအဖွဲ့တွေက တတ်နိုင်သလောက်လုပ်နေပေမယ့် အာဏာပိုင်တွေက ဘာမှ ထိထိရောက်ရောက်ကူညီပေးတာမျိုး မတွေ့ရသေးဘူး” လို့ ပြောပါတယ်။ ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်ခရိုင် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးအောင်မြင့်ကြည်က “ရေက စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားပါပြီ။ အခုဆိုရင်၊ ပြည်၊ ပန်းတောင်း၊ ရွှေတောင်မြို့တွေမှာ ကယ်ဆယ်ရေးစခန်းတွေလည်း ပြုလုပ်ထားပါတယ်။ ရေနစ်မြုပ်နေတဲ့ အိမ်တွေက သက်ဆိုင်ရာကို သတင်းပို့ပြီး နီးစပ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်နေထိုင်ကြမှ ဘေးကင်းမှာပါ။” ပြည်မြို့နယ်အတွင်းမှာ ယာယီနေထိုင်ဖို့အတွက် ကယ်ဆယ်ရေးစခန်း ၄ ခု၊ ပြုလုပ်ထားပြီး၊ ရွှေတောင်မြို့နဲ့ ပန်းတောင်းမြို့တွေမှာလည်း ကယ်ဆယ်စခန်း တခုစီ ဖွင့်လှစ်ထားပါတယ်။ ပြည်မြို့မှာ ၁၉၇၄ ခုနှစ်က တကြိမ်၊ အမြင့်ဆုံး ရေကြီးခဲ့ပြီး မြို့ထဲရက်ကွက်တွေအထိ ရေနစ်မြုပ်ခဲ့ပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ သဲကုန်း၊ ၀က်ပုတ်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုပ်ဖို၊ မင်းလှ၊ ပန်းတောင်း စတဲ့နေရာတွေမှာလည်း ရေကြီးနစ်မြုပ်နေတာ ၈ ရက်လောက် ရှိပြီဖြစ်ပြီး ရေက မကျပဲ ဆက်လက် တိုးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024