Home
ဆောင်းပါး
အမျိုးသမီးနှင့် ပညာရေး၊ ကျန်းမာရေးအခွင့်အရေး
DVB
·
June 14, 2011
ခေတ်မီတိုး​တက်တဲ့​ နိုင်ငံသစ်တခုတည်​ဆောက်ရာမှာ လူ့​စွမ်း​အား​အရင်း​အမြစ် ဖွံ့​ဖြိုး​တိုး​တက်မှုဟာ အဓိကကျပါတယ်။ ​ရှေး​ယခင်က​တော့​ လူ့​အဖွဲ့​အစည်း​ရဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ဥစ္စာ အရင်း​အနှီး​ကိုပဲ ထည့်​သွင်း​ပြောဆိုခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ တစတစနဲ့​ ကြွယ်ဝတဲ့​ တိုင်း​ပြည်တချို့​ဟာ ဥစ္စာဓန အများ​အပြား​မရှိဘဲ အချိန်နဲ့​ငွေကို ပညာ​ရေး​မှာ မြှုပ်နှံရာက​နေ အသိပညာ အရင်း​အနှီး​ ရလာပြီး​ တိုင်း​ပြည်ဖွံ့​ဖြိုး​ တိုး​တက်လာပါတယ်။ ဒါကို ပညာရှင်​တွေ သတိပြုမိတာက စပြီး​ လူ့​စွမ်း​အား​ အရင်း​အမြစ် တိုး​တက်မှုဆိုတဲ့​ စကား​လုံး​တွေဟာ ကမ္ဘာ့​နိုင်ငံ ​တော်​တော်များ​များ​ရဲ့​ မူဝါဒ​တွေမှာ လွှမ်း​မိုး​နေရာ ယူလာပါ​တော့​တယ်။ ဒီလိုလူသား​အရင်း​အမြစ် ဖွံ့​ဖြိုး​ဖို့​ဆိုတာမှာ ပညာ​ရေး​ အခွင့်​အလမ်း​များ​မှာသာမက ကျန်း​မာ​ရေး​ အခွင့်​အလမ်း​များ​ အပြည့်​အဝ ခံစား​ခွင့်​ရရှိဖို့​လည်း​ လိုအပ်လှပါတယ်။ တကယ်​တော့​ “ကျန်း​မာ​ရေး​ ဆိုတာကလဲ လာဘ်ကြီး​တပါး​ပဲ” မဟုတ်ပါလား​။ ဒါ​ကြောင့်​လည်း​ လူသား​တိုင်း​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ အခွင့်​အလမ်း​တွေ အပြည့်​အဝ ရရှိလာနိုင်ဖို့​ကို ကမ္ဘာနဲ့​အဝှမ်း​ ​ဆောင်ရွက်​နေကြတာ ဖြစ်ပါတယ်။ ဒီလို​ဆောင်ရွက်ရာမှာ လူဦး​ရေရဲ့​ တဝက်​ကျော်ဖြစ်တဲ့​ အမျိုး​သမီး​တွေရဲ့​ ပညာရည် တိုး​တက်မြင့်​မား​လာခြင်း​၊​ ကျန်း​မာကြံ့​ခိုင်လာခြင်း​ဟာ လူ့​အဖွဲ့​အစည်း​ တခုလုံး​ တိုး​တက်မြင့်​မား​လာ​ရေး​အတွက် အ​ရေး​ကြီး​တာ​ကြောင့်​ “အမျိုး​သမီး​တွေအတွက် ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ အခွင့်​အလမ်း​များ​ ရရှိ​ရေး​” လှုပ်ရှား​မှု​တွေဟာလည်း​ ​ပေါ်​ပေါက်လာခဲ့​ပါတယ်။ အမျိုး​သမီး​ရေး​ရာ လှုပ်ရှား​မှုတိုင်း​လိုလိုမှာ ဦး​စား​ပေး​ဆောင်ရွက်ကြတဲ့​ အပိုင်း​က​တော့​ အမျိုး​သမီး​များ​ ပညာသင်ကြား​နိုင်ခွင့်​ပဲ ဖြစ်ပါတယ်။ ဥ​ရောပနဲ့​ အ​မေရိကန်ပြည်​ထောင်စုတို့​မှာ ၁၈၀၀ ပြည့်​နှစ်များ​အထိ အမျိုး​သမီး​များ​ မူလတန်း​ပညာသင်ကြား​ခွင့်​ကို ကန့်​သတ်ထား​ခဲ့​ပါတယ်။ နိုင်ငံအများ​စုမှာ အမျိုး​သမီး​များ​ တက္ကသိုလ်ပညာ တက်​ရောက်သင်ကြား​ခွင့်​ အခွင့်​အ​ရေး​ဟာ ဒုတိယကမ္ဘာစစ် ​နောက်ပိုင်း​မှာမှ အရှိန်အဟုန်နဲ့​ တိုး​မြင့်​လာခဲ့​ပါတယ်။ အမျိုး​သမီး​တွေကို ပညာသင်ကြား​နိုင်ခွင့်​ ​ပေး​လိုက်တာဟာ လူ့​ဘောင်တခုလုံး​အတွက် အလွန်အ​ရေး​ပါတဲ့​ ​ခြေလှမ်း​တွေ ဖြစ်​ကြောင်း​ တတ်သိပညာရှင်များ​က ​ထောက်ပြကြပါတယ်။ အမျိုး​သမီး​တွေကို ပညာသင်ကြား​ခွင့်​ ရရှိ​စေခြင်း​ဟာ စီး​ပွား​ရေး​တိုး​တက်မှု အကျိုး​စီး​ပွား​တခုကိုတင် ဖြစ်ထွန်း​စေတာ မဟုတ်ဘဲ က​လေး​သူငယ်များ​ ဖွံ့​ဖြိုး​တိုး​တက်မှု အကျိုး​ကျေး​ဇူး​ကိုပါ ရရှိ​စေ​ကြောင်း​ အ​မေရိကန်သမ္မတ က​တော် ​လော်ရာဘွတ်ရှ်က ၂၀၀၄ ခုနှစ်က အ​ရှေ့​အလယ်ပိုင်း​ဒေသ ရုပ်မြင်သံကြား​ အစီအစဉ်တခုနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခန်း​မှာ ​ပြောခဲ့​ပါတယ်။ ပညာတတ်အမျိုး​သမီး​တွေဟာ သား​ဆက်ခြား​ခြင်း​၊​ က​လေး​ငယ်များ​ အစာအာဟာရ ပြည့်​မီ​အောင် တွက်ချ​ကျွေး​မွေး​ပြုစုခြင်း​၊​ က​လေး​ပြုစု ပျိုး​ထောင်ခြင်း​၊​ က​လေး​ပညာ​ရေး​ စတာ​တွေမှာ ဗဟုသုတ ပိုများ​တာ​ကြောင့်​ က​လေး​သူငယ်ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို အ​ထောက်အကူ ပြုတယ်လို့​ သူက ​ထောက်ပြခဲ့​ပါတယ်။ ၂၁ ရာစု​ရောက်လာ​တော့​ အမျိုး​သမီး​များ​ ပညာသင်ကြား​နိုင်ခွင့်​ဟာ အာရှတိုက်နဲ့​ အာဖရိကတိုက် နိုင်ငံအချို့​ကလွဲရင် နိုင်ငံ​တော်​တော်များ​များ​မှာ ရရှိ​နေပါပြီ။ ၂၀၀၇ ခုနှစ် အာရှပစိဖိတ်​ဒေသ စီး​ပွား​ရေး​၊​ လူမှု​ရေး​စစ်တမ်း​အရ အာရှပစိဖိတ်​ဒေသမှာ အမျိုး​သား​နဲ့​ အမျိုး​သမီး​တွေကြား​က ပညာသင်ကြား​ခွင့်​ အခွင့်​အလမ်း​တွေ ခြား​နား​မှု​ကြောင့်​ ​ဒေသစီး​ပွား​ရေး​မှာ နှစ်စဉ်အ​မေရိကန်​ဒေါ်လာ သန်း​သုံး​ဆယ် ဆုံး​ရှုံး​နေ​ကြောင်း​ ​တွေ့​ရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အမျိုး​သမီး​ငယ်​တွေရဲ့​ အထက်တန်း​ကျောင်း​ တက်​ရောက်မှုနှုန်း​ဟာ ရာခိုင်နှုန်း​လေး​ဆယ်ဝန်း​ကျင်မှာပဲ ရှိ​နေပါ​သေး​တယ်။ မူလတန်း​တက်​ရောက်မှုနှုန်း​ဟာလည်း​ ရာနှုန်း​ပြည့်​မဟုတ်​သေး​ပါဘူး​။ ဓ​လေ့​ထုံး​စံအရ ကန့်​သတ်ချက်​တွေ၊​ နိုင်ငံရဲ့​ စီး​ပွား​ရေး​ဆုတ်ယုတ်မှု​တွေ၊​ အစိုး​ရရဲ့​ ပညာ​ရေး​ဘတ်ဂျက်ခွဲ​ဝေမှု အား​နည်း​ချက်​တွေနဲ့​ ပညာ​ရေး​မူဝါဒ ချို့​ယွင်း​ချက်​တွေဟာ မြန်မာအမျိုး​သမီး​တွေရဲ့​ ပညာသင်ကြား​နိုင်ခွင့်​ အခွင့်​အ​ရေး​ကို ထိခိုက်​စေခဲ့​ပါတယ်။ ယခုအထိလည်း​ ဆက်လက်ထိခိုက်​နေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုထိခိုက်မှု​တွေဟာ လူ့​အဖွဲ့​အစည်း​တခုလုံး​ရဲ့​ စွမ်း​ဆောင်ရည်ကို ကျဆင်း​စေတာ ဖြစ်တဲ့​အတွက်​ကြောင့်​ တိုင်း​ပြည်ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို ​နှောင့်​နှေး​ကြန့်​ကြာ​စေပါတယ်။ ပညာ​ရေး​အခွင့်​အလမ်း​လိုပဲ ကျန်း​မာ​ရေး​အခွင့်​အလမ်း​တွေဖြစ်တဲ့​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှုခံစား​ခွင့်​၊​ ကိုယ်ဝန်ဖျက်ချမှု အခွင့်​အ​ရေး​၊​ အမျိုး​သမီး​များ​အား​ အကြမ်း​ဖက်မှု စတဲ့​အချက်​တွေဟာလည်း​ လူ့​အဖွဲ့​အစည်း​ ဖွံ့​ဖြိုး​တိုး​တက်မှုအတွက် အ​ရေး​ကြီး​ပါတယ်။ ဒါ​ကြောင့်​လည်း​ ၁၉၉၀ ​နှောင်း​ပိုင်း​ အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​မှုများ​ဟာ ကျန်း​မာ​ရေး​ဆိုင်ရာ အခွင့်​အလမ်း​တွေကို ဦး​စား​ပေး​လာခဲ့​ကြပါတယ်။ အမျိုး​သမီး​များ​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှုကို ခံစား​နိုင်ခွင့်​ အခွင့်​အလမ်း​များ​ နည်း​ပါး​မှု​ကြောင့်​ ကမ္ဘာတဝှမ်း​မှာ ဆိုး​ကျိုး​ဖြစ်ပွား​နေရပါတယ်။ ၂၀၀၅ ခုနှစ် မှတ်တမ်း​များ​အရ ကမ္ဘာတဝှမ်း​က အိပ်ခ်ျအိုင်ဗွီကူး​စက်ခံရသူ ၃၈.၆ သန်း​အနက် ၁၇.၃ သန်း​ဟာ အမျိုး​သမီး​များ​ ဖြစ်ကြပါတယ်။ ဒီပြဿနာ​တွေရဲ့​ ​နောက်ဆက်တွဲအဖြစ် ကမ္ဘာ​ပေါ်မှာ မိဘမဲ့​က​လေး​ငယ်​တွေ အများ​ကြီး​ ​ပေါ်ထွက်လာခဲ့​ရပါတယ်။ ယူနီဆက်စာရင်း​ဇယား​များ​အရ ကျွန်မတို့​မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီပိုး​ကူး​စက်ခံရသူ အမျိုး​သမီး​ တသိန်း​ကျော်ရှိ​နေပါတယ်။ လူကုန်ကူး​မှု၊​ လိင်ကျွန်အဖြစ် သွတ်သွင်း​ခံရမှု၊​ ပြည့်​တန်ဆာအလုပ်ဖြင့်​ အသက်​မွေး​မှု စတာ​တွေအပြင် လုံ​လောက်တဲ့​ ကျန်း​မာ​ရေး​အသိပညာ​ပေး​ခြင်း​ မရှိတာ​တွေ၊​ အ​ခြေခံကျန်း​မာ​ရေး​စောင့်​ရှောက်မှု ​ဆောင်ရွက်ခြင်း​ အား​နည်း​ချက်​တွေရယ်ဟာ ဒီလိုအဖြစ်ဆိုး​တွေရဲ့​ အရင်း​ခံအချက်​တွေပါပဲ။ ဒီလို လုံ​လောက်တဲ့​ ကျန်း​မာ​ရေး​အသိပညာ​ပေး​မှု မရှိတာ​တွေနဲ့​ အ​ခြေခံကျန်း​မာ​ရေး​စောင့်​ရှောက်မှု အား​နည်း​ချက်​တွေဟာ အိပ်ခ်ျအိုင်ဗွီ ဗိုင်း​ရပ်စ်ပိုး​ ပျံ့​ပွား​မှု​တွေသာမက ကိုယ်ဝန်​ဆောင်မိခင် ​သေဆုံး​မှုနှုန်း​ကိုလည်း​ တိုး​တက်မြင့်​မား​စေပါတယ်။ ကိုယ်ဝန်​ဆောင် အမျိုး​သမီး​သေဆုံး​မှုဟာ နှစ်စဉ် သုံး​ထောင်နဲ့​ ငါး​ထောင်​ကျော်အတွင်း​မှာ ရှိ​နေ​ကြောင်း​ နိုင်ငံတကာကျန်း​မာ​ရေး​အဖွဲ့​အစည်း​များ​ရဲ့​ မှတ်တမ်း​များ​မှာ ​ရေး​သား​ထား​ပါတယ်။ ကိုယ်ဝန်​ဆောင်အမျိုး​သမီး​များ​ ​ဆေး​ရုံ၊​ ​ဆေး​ခန်း​များ​မှာ မှတ်ပုံတင်ခွင့်​ရရှိ​ရေး​၊​ လိုအပ်​သော ကျန်း​မာ​ရေး​စောင့်​ရှောက်မှုများ​ ရရှိ​ရေး​၊​ နိုင်ငံပိုင်​ဆေး​ရုံများ​မှာ အခမဲ့​သား​ဖွား​ခွင့်​ရရှိ​ရေး​ဟာ တိုး​တက်​သော လူ့​အဖွဲ့​အစည်း​ ​ပေါ်ထွန်း​လာ​ရေး​အတွက် အလွန်ပဲ အ​ရေး​ကြီး​လာပါတယ်။ အမျိုး​သမီး​များ​ အကြမ်း​ဖက်ခံရမှုအ​ရေး​ဟာလည်း​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာမှာ အ​ရေး​ကြီး​တဲ့​ အ​ကြောင်း​အရာ တရပ်ဖြစ်ပါတယ်။ တကမ္ဘာလုံး​မှာ ရှိတဲ့​ အမျိုး​သမီး​ ၁၀ ရာခိုင်နှုန်း​မှ ၆၉ ရာခိုင်နှုန်း​ထိဟာ အမျိုး​သား​အ​ဖော်ရဲ့​ အကြမ်း​ဖက်မှုကို ဘဝမှာ တကြိမ်​တော့​ အနည်း​ဆုံး​ခံခဲ့​ကြရတယ်လို့​ ကမ္ဘာ့​ကျန်း​မာ​ရေး​အဖွဲ့​ကြီး​က မီး​မောင်း​ထိုး​ပြခဲ့​ဖူး​ပါတယ်။ ဒီလို အကြမ်း​ဖက်မှု​တွေဟာ အဓမ္မကျင့်​မှု၊​ လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​မှု၊​ အိမ်တွင်း​အကြမ်း​ဖက် ရိုက်နှက်နှိပ်စက်မှု၊​ မိသား​စုတွင်း​မှ ​ပြော​ရေး​ဆိုခွင့်​မရှိဘဲ အနှိမ်ခံရမှု စတဲ့​ပုံသဏ္ဌာန်အမျိုး​မျိုး​ရှိပါတယ်။ ဒါ​တွေဟာ အမျိုး​သမီး​တွေရဲ့​ ကျန်း​မာ​ရေး​ကို စိတ်​ရောကိုယ်ပါ ထိခိုက်​စေတဲ့​ အရာ​တွေဖြစ်တာ​ကြောင့်​ အမျိုး​သမီး​များ​ရဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အခွင့်​အ​ရေး​တွေကို ထိခိုက်​စေပါတယ်။ ကျမတို့​မြန်မာနိုင်ငံမှာ​တော့​ “သား​ကိုသခင်၊​ လင်ကိုဘုရား​” ဆိုတဲ့​ အစွန်း​ရောက် ဓ​လေ့​တွေရယ်၊​ စီး​ပွား​ရေး​ဆုတ်ယုတ်မှု​ကြောင့်​ ဖြစ်ပွား​ရတဲ့​ စိတ်ဖိစီး​မှု​ပေါက်ကွဲမှု​တွေရယ်၊​ “အဓမ္မပြုကျင့်​တာကို စစ်ဆင်​ရေး​လက်နက်အဖြစ်” စစ်အုပ်စုက အသုံး​ပြုမှု​တွေရယ် စတာ​တွေ​ကြောင့်​ နိုင်ငံ​တော် အကြမ်း​ဖက်မှုခံရတဲ့​ အမျိုး​သမီး​တွေ ရှိ​နေသလို၊​ အိမ်တွင်း​အကြမ်း​ဖက်မှုခံ​နေရတဲ့​ အမျိုး​သမီး​တွေလည်း​ အများ​ကြီး​ ရှိ​နေကြပါတယ်။ ဒီအကြမ်း​ဖက်မှု​တွေ​ကြောင့်​ အမျိုး​သမီး​တွေရဲ့​ ကိုယ်ကျန်း​မာ၊​ စိတ်ချမ်း​သာ​ရေး​ ထိခိုက်လာတာနဲ့​အမျှ အမျိုး​သမီး​များ​ရဲ့​ စွမ်း​ဆောင်ရည်​တွေလည်း​ ကျဆင်း​လာပါတယ်။ လူ့​အဖွဲ့​အစည်း​လည်း​ ဆုတ်ယုတ်ရပါတယ်။။ ဒါ​ကြောင့်​ မြန်မာ့​လူ့​အဖွဲ့​အစည်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အမျိုး​သမီး​များ​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​အခွင့်​အလမ်း​များ​ အပြည့်​အဝခံစား​ခွင့်​ရရှိ​ရေး​ကို အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024