သိကြားမင်း ညွှန်ပြလို့ တွေ့ရတဲ့ဘုရား

ကောင်းကင်တခုလုံး ခဲသားရောင်မိုးတိမ်တိုက်တွေ ဖုံးနေတာမို့ သစ်ပင်တန်းအောက်ကို ရောက်ရင် အလင်းရောင်အား ပိုပြီး နည်းသွားတယ်။ မှောင်မိုက်သွားတာတော့ မဟုတ်သေးဘူး။ မုံရွာ ကျောက္ကာ ကားလမ်းတလျှောက်ကို ထနောင်းပင်၊ တမာပင်၊ ကုက္ကိုပင်ကြီးတွေက အုပ်မိုးထားတယ်။ တနေကုန် တစိမ့်စိမ့်ရွာနေတဲ့မိုးက ညနေစောင်းမှာ တိတ်သွားတယ်။ ဒီလို မိုးရွာလို့ အိမ်ထဲမှာ ကုတ်နေရတဲ့ရက်က ၃၊ ၄ ရက်ရှိနေပါပြီ။ ကျနော်က ယခုရက်ပိုင်းအတွင်း မုံရွာမြို့က သမီးငယ်ရဲ့ အိမ် မှာ စခန်းချပြီး စာအုပ်တွေ တအုပ်ပြီး တအုပ် ဖတ်နေမိတယ်။ မိုးစဲတော့ လမ်းထွက်ချင်လာတာနဲ့ မုံရွာနဲ့ မလှမ်းမကမ်းက ကျောက္ကာရွှေကူနီ ဘုရားဘက်ကို ထွက်လာပါတယ်။ ဘုရားဈေးတန်းမှာ ဈေးသည်တွေပဲ ရှိတယ်။ ဈေးဝယ် မရှိဘူး။ ဘုရားဖူးလာတဲ့ လိုက်ထရပ်ကား တစင်းရှိတယ်။ ဈေးဆိုင်တန်းကို ဖြတ်လျှောက်နေချိန်မှာ ဈေးသည်နှစ်ယောက်က နောက်ထပ်မုန်တိုင်း ရှိသေး တယ်လို့ ပြောနေကြတာကို ကြားတယ်။ နာဂစ်မွှေပြီးတဲ့နောက်ပိုင်းမှာ မြန်မာတွေ မိုးလေ၀သကို စိတ်ဝင်စား လာကြတယ်။ ကျောက္ကာ ရွှေကူနီဘုရားစောင်းတန်းတလျှောက်မှာလည်း ဈေးသည်နဲ့ အလှူခံ တာဝန်ကျတဲ့  အမျိုးသမီးလေးတွေပဲ ရှိတယ်။ ဘုရားရုပ်ပွားတော်ရှေ့မှာတော့ ဘုရားဝတ်ပြုနေသူ ၄၊ ၅ ယောက် ရှိပါတယ်။ ကျောက္ကာ ရွှေကူနီ ဘုရားရုပ်ပွားတော်ကို လူတွေ ရွှေချထားတာ များလွန်းလို့ ကိုယ်လုံးတော်က မပီပြင်တော့ဘဲ ရွှေတုံးရွှေခဲကြီးလို ဖြစ်နေတယ်။ ဘုရားဆင်းတုတော်မှာ ရွှေတွေ ပုံခဲနေတာကို ကြည့်ရုံနဲ့တွင် ကျောက္ကာ ရွှေကူနီဘုရားဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းဘုရားတဆူ ဖြစ်တာ၊ ဘုရားဖူးတွေ အရောက်အလာများတဲ့ တန်ခိုးကြီးဘုရားတဆူ ဖြစ်တာသိသာပါတယ်။ ဘုရား ဂန္ဓကုဋီတိုက်ထဲက ဟင်္သာပြဒါး နီညိုရောင်တိုင်းလုံးကြီးတွေက ကျနော်ကို ဖမ်းစားထားတယ်။ တိုင်လုံးကြီး ပတ်လည်မှာ ရှေးဟောင်းလက်ရေးနဲ့ ကမ္ဗည်းစာရေးထားတယ်။ ‘၁၂၆၆ ခုနှစ် ဒုတိယ၀ါဆိုလ္ဆုတ် ၅ ရက် ၊ ရန်ကုန်မြို့ ဒိစတြိဒ် ၊ ပဲခူးမြို့အပိုင်ခရိုင်အပါ၊ ပြင်ပုံကြီး ဂါမာ၊ ဘုရားတကာ ဦးခ၊ ဘုရားအမ မကျော့တို့၊ အနိစ္စ မရဏံ ကာမဘုံ လုနတ်ထံ ပျော်စံသည့်နောံ’ စသည်ဖြင့် ရေးထိုးထားတယ်။ ခုနှစ် သက္ကရာဇ်ကို စိတ်နဲ့ တွက်ကြည့်လိုက်တော့ နှစ်ပေါင်း ၁၁၁ နှစ် ကြာခဲ့ပြီ။ အလှူရှင်တွေက မုံရွာက မဟုတ်၊ ရွှေဘိုက မဟုတ်၊ မန္တလေးက မဟုတ်ဘဲ ပဲခူး- ပျဉ်ပုံကြီးက ဖြစ်နေတဲ့ အဆက်အစပ်ကလည်း ကျနော်အတွက် စိတ်ဝင်စားစရာ ဖြစ်နေပြန်တယ်။ ကမ္ဗည်းစာကို စေ့စေ့စပ်စပ်ကြည့်နေတဲ့ ကျနော်ကို ဘုရားဂေါပက လူကြီးတယောက်က စိတ်ဝင်စားလာ ပုံရတယ်။ အလှူရှင်တွေက အောက်ပြည်အောက်ရပ်က ဖြစ်တာ၊ သူကိုယ်တိုင် ဒီအလှူ ရှင်တွေရှိရာအရပ်ကို သွားရောက်ပြီး ဆက်စပ်ကြည့်ခဲ့တာတွေ ကျနော်ကို သူက ပြောပြတယ်။ အလှူ ရှင်တွေရဲ့ မျိုးဆက်တွေကို တွေ့ခဲ့ရသလားလို့ စိတ်အားထက်သန်စွာ ကျနော်မေးတာကို ဂေါပကလူကြီးက ခေါင်းခါပါတယ်။ ဂေါပကလူကြီးက ကျောက္ကာ ရွှေကူနီဘုရားကို နွားကျောင်းသား မောင်ဆုအောင်က တောခြုံ ကြားက ရှာဖွေတွေ့ရှိတဲ့အကြောင်း ကျနော်ကို ရှင်းပြတယ်။ ကျနော်က ဘုရားသမိုင်းကို စိတ်ဝင်တစားမေးတော့ ဂေါပကလူကြီးက ဘုရားသမိုင်းစာအုပ် ရှိတယ်၊ဈေးမများပါဘူးလို့ ဆိုတယ်။( တကယ်လည်း ဈေးမများပါဘူး။ စာမျက်နှာ ၈၀ ၊ အတ်ပေပါ နဲ့ ဘုရားပုံတော်တွေပါ ပါတဲ့စာအုပ်ကို ကျပ် ၃၀၀ ပဲပေးရတယ်။) ဟိုဘက်မှာ နွားကျောင်းသား မောင်ဆုအောင် ရုပ်တု ရှိတယ်လို့ ဂေါပကလူကြီးက ပြောပြီး ကျနော်ကို လိုက်ပို့တယ်။ ဘုရားဆင်းတုတော် ကိန်းဝပ်ရာ စေတီရင်ပြင်ကို ကြွေပြားတွေ ခင်းထားတယ်။ မိုးရွာထားလို့ ကြွေပြားတွေက ချောနေတယ်။ ဂေါပကလူကြီးက ကျနော် ချော်မလဲအောင် ထိန်းကိုင်ပေးတယ်။ သက္ကရာဇ် ၉၉၈ ခု သာလွန်မင်းတရားကြီးလက်ထက်မှာ နွားကျောင်းသား မောင်ဆုအောင်ကို သိကြားမင်း က ပူးကပ်ပြီး ယခု ရွှေကူနီစေတီတော် တည်ရှိရာနေရာ ခြုံနွယ်များအောက်မှာ သီရိဓမ္မာသောကမင်းကြီးရဲ့ စေတီရှိကြောင်း ပြောတယ်။ သက္ကရာဇ် ၉၉၉ ခုနှစ်မှာ ကျောက္ကာရွာဆရာတော်နဲ့ ရပ်ရွာလူထု ပေါင်းစုပြီး မူလစေတီကို ဌာပနာကာ ရွှေကူနီစေတီကို တည်ကြတယ်။ ၁၀၀၀ ပြည့်နှစ်မှာ ပြီးစီးအောင်မြင်တယ်။ စေတီတော်ရဲ့ တန်ခိုးကြီးမားတဲ့သတင်းက ပြန့်နှံ့ပြီး အင်းဝမှာ ထီးနန်းစံတဲ့ သာလွန်မင်းက ကြား သိရတယ်။ သိကြားပူးတဲ့ မောင်ဆုအောင်ကို အင်းဝနေပြည်တော်သို့ ခေါ်ဆောင်ကာ မေးမြန်းစိစစ်ရာ အံ့သြဖွယ် မှန်ကန်တယ်လို့ ဘုရားသမိုင်းက ဆိုတယ်။ ရွှေကူနီ ဘုရားရင်ပြင်တော်အတွင်းမှာ နွားကျောင်းသား မောင်ဆုအောင်၊ သာလွန်မင်းတရားကြီးနဲ့ သိကြားမင်းတို့ ပုံတူ အရပ်တွေ ထုလုပ်ထားတာကို တွေ့ရတယ်။ ဘုရားဂေါပကလူကြီးက အာရုံခံ တန်ဆောင်းတစ်ခုဆီ ကျနော်ကို ခေါ်သွားတယ်။ ၁ ပြား တန်ဆောင်းတဲ့။ တန်ဆောင်းအလှူအစ်မက ငွေ ၁ ပြားချင်း စုဆောင်းပြီး ဆောက်လှူထားတာလို့ ပြောတယ်။ ဗိသုကာပုံစံက အောက်ပြည်အောက်ရပ်က မွန်လက်ရာဆန်တယ်လို့ ကျနော် ထင်ပါတယ်။ ကျောက္ကာက ယွန်းထည် ထုတ်လုပ်တာ နာမည်ကျော်တယ်။ မော်လမြိုင်နဲ့ ပဲခူးစတဲ့ အောက်ပြည်အောက်ရပ်နဲ့ ဘယ်နည်းဘယ်ပုံ ကုန်သွယ်ပတ်သက်ကြသလဲဆိုတာ မုံရွာက သမိုင်းဆရာတွေကို မေးဖို့ ကျနော် တေးထားလိုက်တယ်။ ကျောက္ကာရွာဟာ သရေခေတ္တရာခေတ်ကတည်းက တည်ရှိခဲ့တဲ့ရွာလို့ ဆိုတယ်။ (မုံရွာ ညောင် ကန်ဘက်မှာ ပျူ နဲ့ ပတ်သက်တဲ့သမိုင်းအထောက်အထားတွေလည်း တွေ့ရှိထားတယ်။) စစ်ကိုင်း အင်းဝနဲ့ ပဒုံ ( အလုံ)၊ ဒီပဲယင်း တို့ဆက်သွယ်ရာ လမ်းမပေါ်မှာ ရှိပြီး ရှေးက လှည်းစခန်းချရာနေရာ ဖြစ်တယ်။ ဆင် မြင်းစီးတဲ့ ခရီးသွားတို့ ရပ်နားရာ ဖြစ်တယ်လို့ ဆိုတယ်။ ရွှေကူနီ ဘုရားဈေးတန်းတွင်သာမဟုတ် ဘုရားစောင်းတန်းထဲမှာလည်း သနပ်ခါးသည်တွေ အများကြီး ရှိတာ မြင်ရပါတယ်။ မုံရွာ အရာတော်တနယ်လုံးမှာ သနပ်ခါးခြံကြီးတွေ အများကြီးရှိတယ်။ သနပ်ခါးကို စနစ်တကျ စိုက်ကြတယ်။ မြန်မာနိုင်ငံတ၀ှမ်းလုံးကို စီပွားဖြစ် ထုတ်လုပ်ရောင်းချ နေကြတာပါ။ ကျောက္ကာ ရွှေကူနီ ဘုရားကို လာတဲ့ ဧည့်သည်တွေက သနပ်ခါးတုံးနဲ့ ယွန်းထည်တွေ ကို မြတ်မြတ်နိုးနိုး ၀ယ်ကြလေ့ ရှိတယ်။ မုံရွာ ကျောက္ကာလမ်းက လမ်းကောင်းပါတယ်။ ယခုအခါ မိုးညင်း သံဗုဒ္ဓေ ၊ ဗောဓိတထောင်နဲ့ပါ ဖြတ်လမ်း လမ်းဖောက်လိုက်တဲ့အတွက် သွားရေးလာရေးက ပိုပြီး အဆင်ပြေလာတယ်။ ဘုရား ဈေးတန်းက ဈေးသည်တွေကတော့ လမ်းတွေ ပိုကောင်းပြီး ဘုရားဖူးဧည့်သည်တွေ ပိုရောက်လာဖို့ မျှော်လင့်နေတာ တွေ့ရတယ်။ ကျော်ရင်မြင့်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up