A d v e r t i s e m e n t With Us

အမျိုးသမီးနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုတာကို ​ကောင်း​မွန်​သော ​ပြောင်း​လဲမှုလို့​ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပာယ် ဖွင့်​ဆိုခဲ့​ပါတယ်။ ဒါ​ကြောင့်​ လူ့​အဖွဲ့​အစည်း​ရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ မြင့်​မား​လာတာ၊​ ကျန်း​မာ​ရေး​ တိုး​တက် ​ကောင်း​မွန်လာတာ၊​ ပညာ​ရေး​ တိုး​တက်မြင့်​မား​လာတာ၊​ လူ့​အဖွဲ့​အစည်း​တခုလုံး​အတွက် အကျိုး​ရှိမယ့်​ ​အောင်မြင်မှု​တွေ ရရှိလာတာ စတာ​တွေအား​လုံး​ကို ဖွံ့​ဖြိုး​ တိုး​တက်မှု​တွေလို့​ ​ခေါ်ဆိုနိုင်ပါတယ်။ ဒီလို ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုတာကို ပညာရှင်​တွေက အပိုင်း​နှစ်ပိုင်း​ ထပ်ခွဲပြီး​ ​ပြော​လေ့​ရှိပါတယ်။ ​ခေတ်မီဖွံ့​ဖြိုး​လာတာက တပိုင်း​ ဖြစ်ပါတယ်။ လူသား​တွေရဲ့​ လိုအပ်ချက်​တွေအ​ပေါ်မှာ အ​ခြေတည်တဲ့​ တိုး​တက်မှုဆိုတာက တပိုင်း​ ဖြစ်ပါတယ်။ ခေတ်မီဖွံ့​ဖြိုး​တိုး​တက်လာမှု ဆိုတာက နိုင်ငံ​တော်ရဲ့​ ထုတ်လုပ်မှု နည်း​ပညာကဏ္ဍ​တွေမှာ သမား​ရိုး​ကျ နည်း​ပညာ​တွေက​နေ သိပ္ပံနည်း​ကျ နည်း​ပညာ​တွေကို အသုံး​ပြုလာတာမျိုး​ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုး​ရေး​ ကဏ္ဍမှာ ဘိုး​ဘွား​အစဉ်အလာအတိုင်း​ စိုက်ပျိုး​မှု​တွေက​နေ ​ဈေး​ကွက်ရှိတဲ့​ လယ်ယာထွက်ကုန် ပစ္စည်း​တွေကို ​ပြောင်း​လဲ စိုက်ပျိုး​လာတာမျိုး​ ဖြစ်ပါတယ်။ လူနဲ့​တိရစ္ဆာန်ကို အသုံး​ပြုထုတ်လုပ်မှု​တွေက​နေ စက်မှုနည်း​ပညာကို ​ပြောင်း​လဲအသုံး​ပြုလာတာမျိုး​ ဖြစ်ပါတယ်။ ​တောင်ယာနဲ့​ ​ကျေး​ရွာ​တွေက​နေ မြို့​ပြလူ​နေမှုအ​ဆောက်အအုံကို ​ရွှေ့​ပြောင်း​လာတာမျိုး​ကို ​ခေါ်ဆိုတာဖြစ်ပါတယ်။ လူသား​တွေရဲ့​ လိုအပ်ချက်​တွေအ​ပေါ်မှာ အ​ခြေတည်တဲ့​ တိုး​တက်မှုဆိုတာက​တော့​ ဒီလိုထုတ်လုပ်မှုဖြစ်စဉ်က​နေ အစပျိုး​စဉ်း​စား​တာ မဟုတ်ဘဲ လူ​တွေနဲ့​ လူ​တွေရဲ့​ လိုအပ်ချက်​တွေကို စတင်စဉ်း​စား​တာ ဖြစ်ပါတယ်။ လူသား​လိုအပ်ချက်ကို အ​ခြေပြုတဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုင်ရာ ပညာရှင်​တွေက ဖွံ့​ဖြိုး​တိုး​တက်ဖို့​ လိုအပ်တဲ့​ အ​ခြေအ​နေ​တွေကို ဒီလို တင်ပြထား​ကြပါတယ်။ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုတာကို ထုတ်လုပ်မှုတိုး​တက်တာ၊​ နိုင်ငံ​တော်ရဲ့​ စီး​ပွား​ရေး​တိုး​တက်မှုရာခိုင်နှုန်း​ မြင့်​မား​လာတာ​တွေ​လောက်နဲ့​ တိုင်း​တာလို့​မရဘူး​လို့​ သူတို့​က ​ပြောပါတယ်။ လူ့​အဖွဲ့​အစည်း​ အတွင်း​မှာရှိတဲ့​ လူသား​အား​လုံး​ကို ကိုယ်စား​ပြုသင့်​တယ်ဆိုတာကို ​ထောက်ပြ​ပြောဆိုခဲ့​ကြပါတယ်။ ဖွံ့​ဖြိုး​တိုး​တက်တဲ့​ နိုင်ငံတခုက လူ့​အဖွဲ့​တွေမှာ ပစ္စည်း​ချို့​တဲ့​တာ သိပ်မရှိရဘူး​။ လူတိုင်း​၊​ လူတိုင်း​ဟာ ကိုယ့်​ရဲ့​ စား​သောက်​နေထိုင်​ရေး​ လိုအပ်ချက်​တွေကို ဖြည့်​ဆည်း​ဖို့​ စွမ်း​အား​တွေ ရှိ​နေရမယ်။ အလုပ်အကိုင်အခွင့်​အလမ်း​တွေ ရှိ​နေရမယ်။ အလုပ်လက်မဲ့​ ရာခိုင်နှုန်း​တွေ နည်း​နိုင်သမျှ နည်း​ရပါမယ်။ လူသား​တိုင်း​မှာ တန်း​တူညီမျှမှု ရှိ​နေရမယ်။ နိုင်ငံရဲ့​ လွတ်လပ်​ရေး​ဆိုတာကလည်း​ စစ်မှန်တဲ့​ လွတ်လပ်​ရေး​ဖြစ်ရပါတယ်။ နိုင်ငံ​ရေး​အရ​ရော၊​ စီး​ပွား​ရေး​အရ​ရော ကိုယ့်​ကြမ္မာ၊​ ကိုယ်ဖန်တီး​နိုင်တဲ့​ လွတ်လပ်​ရေး​ကို ​ပြောတာဖြစ်ပါတယ်။ ပညာ​ရေး​အဆင့်​အတန်း​တွေကလည်း​ တိုး​တက်မြင့်​မား​ရမှာ ဖြစ်ပါတယ်။ အကြမ်း​ဖက်မှု​တွေ၊​ စစ်ပွဲ​တွေရဲ့​ ​ဘေး​ဒဏ်က​နေလည်း​ ကင်း​ဝေး​ရမှာဖြစ်ပါတယ်။ ဒီလိုအ​ခြေအ​နေ​တွေအထဲမှာ အ​ရေး​ကြီး​တဲ့​ အ​ခြေအ​နေတရပ်အဖြစ် ပညာရှင်များ​ ​ထောက်ပြ​ပြောဆို တာက​တော့​ အမျိုး​သမီး​များ​ရဲ့​ တန်း​တူညီမျှခွင့်​ပဲဖြစ်ပါတယ်။ လူ့​အဖွဲ့​အစည်း​ရဲ့​ တဝက်​ကျော်ကို ကိုယ်စား​ပြု​နေတဲ့​ အမျိုး​သမီး​တွေမှာ ဖွံ့​ဖြိုး​တိုး​တက်မှု ​နောက်ကျ​နေရင်၊​ တန်း​တူရည်တူအခွင့်​အ​ရေး​တွေ မရရှိဘူး​ဆိုရင် ဒါကို လူ့​အဖွဲ့​အစည်း​တခုလုံး​ တိုး​တက်မြင့်​မား​နေပါပြီလို့​ မဆိုလိုနိုင်ပါဘူး​။ ၂၀ ရာစု​နှောင်း​ပိုင်း​ကာလ​တွေမှာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုတဲ့​ စကား​လုံး​ဟာ ကမ္ဘာတဝှမ်း​ဟာ အရှိန်အဟုန်နဲ့​ ထိုး​ဖောက်​နေရာယူလာတာနဲ့​အမျှ အမျိုး​သမီး​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုတာကလည်း​ အ​ရေး​ပါ​သော ကဏ္ဍတခု ဖြစ်လာခဲ့​ပါတယ်။ ပညာရှင်များ​က အမျိုး​သမီး​များ​ရဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် မဟာဗျူဟာ လိုအပ်ချက်များ​နဲ့​ လက်​တွေ့​လိုအပ်ချက်များ​ကို ​ပေါင်း​စပ်ဖြည့်​စည်း​ပေး​နိုင်မယ့်​ စီမံချက်​တွေကို ​ရေး​ဆွဲတင်ပြလာကြ ပါတယ်။ မဟာဗျူဟာလိုအပ်ချက်ဆိုတာက အစဉ်အလာ၊​ ဓ​လေ့​ထုံး​စံ​တွေအရ အမျိုး​သား​များ​ရဲ့​ ​နောက်လိုက်​တွေအဖြစ်သာ ခွဲခြား​ဆက်ဆံခံခဲ့​ရတဲ့​ အ​နေအထား​ကို ပြုပြင်​ပြောင်း​လဲရမယ့်​ လိုအပ်ချက်​တွေပါ။ ဒီလိုအပ်ချက်​တွေထဲမှာ အဓိကက​တော့​ အစဉ်အလာ၊​ ဓ​လေ့​ထုံး​စံ​တွေက သတ်မှတ်ထား​ခဲ့​တဲ့​ အမျိုး​သမီး​များ​ရဲ့​ ​နောက်လိုက် အခန်း​ကဏ္ဍကို ဖယ်ရှား​ပြီး​ အမျိုး​သမီး​များ​နဲ့​ အမျိုး​သား​များ​ တန်း​တူရည်တူ အခွင့်​အ​ရေး​ ရရှိဖို့​ ဖြစ်ပါတယ်။ အမျိုး​သမီး​တွေကို အိမ်တွင်း​ရေး​ရာ​တွေမှာ အဓိက တာဝန်ရှိသူ​တွေအဖြစ် သတ်မှတ်ခဲ့​ကြပါတယ်။ အမျိုး​သား​များ​က ဝင်​ငွေရှာရမယ်၊​ အမျိုး​သမီး​များ​က​တော့​ အိမ်မှုကိစ္စ​တွေ၊​ က​လေး​သူငယ်ပြုစု ပျိုး​ထောင်မှုကိစ္စ​တွေ၊​ မိသား​စု ကျန်း​မာ​ရေး​ ကိစ္စ​တွေ၊​ ချက်ပြုတ်​ရေး​ကိစ္စ​တွေ ပြုလုပ်ရမယ်လို့​ ဆိုတတ်ကြပါတယ်။ ဒါ​ကြောင့်​ လက်​တွေ့​ လိုအပ်ချက်များ​ဖြစ်တဲ့​ အစား​အစာ၊​ ​သောက်သုံး​ရေ၊​ အမိုး​အကာ၊​ အ​သေး​စား​ငွေ​ချေး​စနစ်၊​ ရပ်ရွာ ဝန်​ဆောင်မှုလုပ်ငန်း​များ​၊​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု စတာ​တွေကို ဖြည့်​ဆည်း​ပေး​ဖို့​ စီမံချက်​တွေလည်း​ ချမှတ်ဖို့​ လိုတယ်ဆိုတာကို ပညာရှင်များ​က ​ထောက်ပြခဲ့​ကြပါတယ်။ ၂၀ ရာစု​နှောင်း​ပိုင်း​ကာလ​တွေမှာ စီး​ပွား​ရေး​အ​ခြေအ​နေ​ကြောင့်​ အမျိုး​သမီး​များ​လည်း​ အလုပ်ထွက်လုပ်လာကြပါတယ်။ ဒီအခါမှာ အလုပ်ခွဲ​ဝေမှုပုံစံဟာ ​ပြောင်း​လဲသွား​ပြီး​ အမျိုး​သား​အလုပ်၊​ အမျိုး​သမီး​အလုပ်ဆိုတာ မရှိ​တော့​ပါဘူး​။ ဒါ​ပေမယ့်​၊​ ဓ​လေ့​ထုံး​စံ၊​ အဆိုအမိန့်​တွေရဲ့​ အကာအကွယ်ကို ယူပြီး​ ​ရေသာခိုအ​ချောင်လိုက်ချင်တဲ့​ လူဖျင်း​လူညံ့​တွေလည်း​ တချို့​သော လူ့​အဖွဲ့​အစည်း​တွေမှာ ကျန်ရစ်​နေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုလူ့​အဖွဲ့​အစည်း​တွေမှာဆိုရင် အမျိုး​သမီး​တွေဟာ တာဝန်နှစ်ရပ်လုံး​ကို ထမ်း​ဆောင်ရပါလိမ့်​မယ်။ ဒါ​ကြောင့်​ အိမ်တွင်း​မှု ထမ်း​ဆောင်ရာ​တွေမှာ လွယ်ကူဖို့​ လိုအပ်လာပါတယ်။ မြန်မြန်ချက်ပြုတ်နိုင်မယ့်​ နည်း​ပညာသစ်​တွေ အသုံး​ပြုနိုင်ခွင့်​ရရှိရပါမယ်။ ​သောက်သုံး​ရေ အလွယ်တကူ ရရှိရပါမယ်။ သား​ဆက်ခြား​မှု အသိပညာများ​ ရရှိရပါမယ်။ အ​ခြေခံကျန်း​မာ​ရေး​စောင့်​ရှောက်မှု ခံစား​ခွင့်​ ရှိရပါမယ်။ မြန်မာပြည်မှာ​တော့​ အမျိုး​သမီး​များ​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ထိ​ရောက်တဲ့​ စီမံချက်​တွေ ချမှတ်ထား​ခြင်း​ မရှိ​သေး​ပါဘူး​။ အမျိုး​သမီး​ရေး​ရာအဖွဲ့​၊​ မိခင်နဲ့​က​လေး​ ​စောင့်​ရှောက်​ရေး​ အသင်း​အဖွဲ့​များ​ကလည်း​ အမျိုး​သမီး​များ​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အဓိကထား​ မ​ဆောင်ရွက်ဘဲ စစ်အုပ်စုရဲ့​ အာဏာတည်မြဲ​ရေး​ ဝါဒဖြန့်​ချိမှု​တွေမှာပဲ လက်ကိုင်တုတ်​တွေအဖြစ် ပါဝင်​ဆောင်ရွက်​နေကြပါတယ်။ အ​ခြေခံကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုဆိုတာ မရှိ​သေး​ပါဘူး​။ ​သောက်​ရေ၊​ သုံး​ရေကိုလည်း​ အလွယ်တကူမရနိုင်​သေး​ပါဘူး​။ ချက်ပြုတ်​ရေး​မှာ လျှပ်စစ်မီး​တောင် ပုံမှန်မရလို့​ ညသန်း​ခေါင် မီး​လာချိန်မှ ထမင်း​ထချက်​နေရတဲ့​ အဖြစ်ပါ။ မဟာဗျူဟာလိုအပ်ချက်များ​ကို ပြည့်​မီဖို့​လည်း​ ​ဝေး​လွန်း​လှပါတယ်။ စစ်အုပ်စုကိုယ်တိုင်ကိုက ဓ​လေ့​ထုံး​စံ၊​ အဆိုအမိန့်​တွေကို အသုံး​ပြုပြီး​၊​ လူသား​တွေရဲ့​ လွတ်လပ်စွာ ​ပြောဆိုခွင့်​၊​ ​တွေး​တောခွင့်​၊​ ​ရေး​သား​ဖော်ထုတ်ခွင့်​စတာ​တွေကို ဖိနှိပ်​နေတာဖြစ်တဲ့​အတွက်၊​ အမျိုး​သမီး​အခွင့်​အ​ရေး​လှုပ်ရှား​မှုကို မ​ဖော်​ဆောင်​နေ​သေး​ပါဘူး​။ ယ​နေ့​ခေတ်ကာလမှာ ဖွံ့​ဖြိုး​တိုး​တက်မှုဆိုတာ နအဖစစ်​ခေါင်း​ဆောင်များ​ ​ပြောကြသလို မဟုတ်​တော့​ပါဘူး​။ လမ်း​၊​ တံတား​ ဘယ်နှခု ​ဆောက်လုပ်ပြီး​တာ၊​ စီး​ပွား​ရေး​ တိုး​တက်မှုရာခိုင်နှုန်း​ ဘယ်​လောက်တိုး​တက်လာတာ ဆိုတာ​တွေနဲ့​ပဲ တိုင်း​တာလို့​ မရ​တော့​ပါဘူး​။ လူသား​တွေရဲ့​ လိုအပ်ချက်​တွေကိုပါ ဖြည့်​ဆည်း​ပေး​နိုင်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာမှ လူ့​အဖွဲ့​အစည်း​ရဲ့​ တဝက်​ကျော် ရှိ​နေတဲ့​ အမျိုး​သမီး​တွေရဲ့​ မဟာဗျူဟာလိုအပ်ချက်​တွေ၊​ လက်​တွေ့​လိုအပ်ချက်​တွေကို ဖြည့်​ဆည်း​ပေး​ဖို့​လည်း​ မဖြစ်မ​နေ အ​ရေး​ကြီး​လှပါတယ်။  

A d v e r t i s e m e n t With Us

More News
Up