ဒီလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖွင့်လှစ်ဖို့ပြင်ဆင်ထားတဲ့ နိုင်ငံရေးသိပ္ပံသင်တန်းကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ လိုက်သလို အလားတူသင်တန်းမျိုးဖွင့်လှစ်ဖို့ရှိနေတဲ့ ဗေဒါသင်တန်းကျောင်းက သင်တန်းကတော့ အစီအစဉ် ပျက်သွားတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီလ ၂၀ ရက်နေ့ကနေ စတင်ပြီး ၂၈ ရက်နေ့အထိဖွင့်လှစ်ဖို့ ရှိနေတဲ့ နိုင်ငံခြားပညာရှင်တွေ သင်ကြားပို့ချမယ့် နိုင်ငံရေးသိပ္ပံသင်တန်းကို လာမယ့် ဇူလိုင်လကျမှ ဖွင့်လှစ်နိုင်တော့မယ့်အကြောင်း အဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒီလို ထုတ်ပြန်လိုက်တာကို အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“ဒီလ ၂၀ ရက်နေ ၂၈ ရက်အထိ ဖွင့်ဖို့ ပြင်ထားတဲ့ Political Science သင်တန်းကို ရှေ့လထဲကို ရက်ရွေ့လိုက်ကြောင်း ရုံးက ကြေညာချက် ထုတ်တယ်။ အခြေအနေအရ ရက်ရွေ့လိုက်တယ်တဲ့၊ နောက်ကို ရက်ကို သီးခြားထပ် ပြီးတော့ အကြောင်းကြားမယ်လို့ အဲဒီလို ဖော်ပြထားပါတယ် ဒါပါပဲ။”
ဘာကြောင့် အခုလို ရွှေ့ဆိုင်းလိုက်ရတယ်ဆိုတာကိုလည်း ဦးအုန်းကြိုင်က အခုလို ရှင်းလင်းပြောကြားပါတယ်။
“ကျနော်တို့ ရုံးမှာပဲ လုပ်မှာဆိုတော့ နေရာထိုင်ခင်းကလည်း အခြားအလုပ်တွေ ကလည်း တောက်လျှောက်ပေါ့ဗျာ အတော်များနေတယ်။ ပြီးတော့ နောက်တခုက ကျနော်တို့က တခါ ပို့ချမယ့် ပညာရှင်တွေကလည်း သူတို့ သက်ဆိုင်ရာ လုပ်ငန်းဌာန အသီးသီးမှာ ပထမ ကျနော်တို့နဲ့ ကြိုတင်ညှိနှိုင်းပြီးတော့ ထားတဲ့ ရက်တွေမှာ သူတို့က အကြောင်း မညီညွတ်လို့ သူတို့မှာ လုပ်စားလုပ်ကိုင်တွေ များနေတယ် ဘာညာဆိုတော့ သူတို့လည်းပဲ မစုံမလင်ပေါ့ဗျာ အဲဒီလို ဖြစ်သွားတယ်။ ဖြစ်သွားတော့ ကျနော်တို့က ကဲ ကျနော်တို့ ဒီဘက်ကလည်းပေါ့ဗျာ တခြားပြင်ဆင် စရာတွေ ရှိတယ်။ အဲဒီ လုပ်ငန်းတွေလည်း ရှိတော့ အဲဒါနဲ့ပဲ အချိန်ရအောင် ဆိုပြီးတော့ ရက်ရွှေ့လိုက်တာပါ။”
နိုင်ငံရေးသိပ္ပံသင်တန်းကို ဟောင်ကောင် စီးတီးတက္ကသိုလ်ရဲ့ အာရှနှင့် နိုင်ငံတကာလေ့လာရေးဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်က ဦးဆောင်ပြီး သင်ကြားပို့ချမယ့် ဆရာတွေကို ဖိတ်ခေါ်ကာ ဒီလထဲမှာ အဖွဲ့ချုပ်၊ ဗေဒသင်တန်းကျောင်းနဲ့ Myanmar Egress တို့မှာ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိနေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီထဲက ဗေဒါသင်တန်းကျောင်းမှာ ပို့ချမယ့် အစီအစဉ်ကတော့ စီစဉ်သူတွေဘက်က ဖျက်ပစ်လိုက်ပြီး အဖွဲ့ချုပ်က သင်တန်းကိုတော့ ရွှေ့ဆိုင်းထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မူလအစီအစဉ်တွေထဲက Myanmar Egress မှာတော့ ဒီလ ၆ ရက်နေ့က စတင်ပြီး ဖွင့်လှစ်ပို့ချပေးနေပြီဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗေဒါကျောင်းတာဝန်ခံ ကိုမျိုးရန်နောင်သိန်းက အခုလို ဆိုပါတယ်။
“ဆရာကျော်ရင်လှိုင်က ကျနော့်ကို ပျက်သွားတယ် ဆိုတဲ့အကြောင်း ပြောတယ်။ ဖိအားပေးခံရတဲ့ ပုံသဏ္ဌာန် ပြောတယ်။ တိတိပပကြီး တိတိကျကျ ကျနော်တို့ကို ပြောတာမျိုး မရှိဘူး။ ဘယ်အချက်ကြောင့် ဘယ်အချက်ကြောင့် ပြောတာမျိုး မရှိဘူး။ မလုပ်ဖြစ်တော့ဘူးပေါ့ ရှင်းပြချက်တွေက ဝေဝါးနေတယ်။ ကျနော် ကောက်ချက်ချလို့ ရတာကတော့ အဖွဲ့ချုပ်မှာ ပယ်ဖျက်တယ်ဆိုရင် အာဏာပိုင်တွေ ဖိအားမပေးတာ သေချာတယ်။ Egress ကနေပြီးတော့ ဗေဒါမှာ သင်တာ မကြိုက်လို့ သူ့ကို ကန့်ကွက်လို့ ဆရာကျော်ရင်လှိုင်က cancel လုပ်လိုက်ရတယ်၊ ဖျက်သိမ်းလိုက်ရတယ်လို့ မှတ်ချက် ချလို့ မှာပေါ့နော်။ အကယ်၍ အဖွဲ့ချုပ်မှာ မသင်ဖြစ်တော့လို့ရှိရင်တော့ ဒါအာဏာပိုင်တွေ ဖိအားပေးတာလို့ ကျနော်တို့ ပြောလို့ ရတယ်။”
ဒီသင်တန်းတွေကို ဦးဆောင်စီစဉ်ပေးနေတဲ့ ဟောင်ကောင်စီးတီးတက္ကသိုလ်ရဲ့ အာရှနှင့် နိုင်ငံတကာလေ့လာရေးဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်ဟာ ဂျာမနီအပါဝင် EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ငွေကြေးအကူအညီတွေနဲ့ ထူထောင်ထားတဲ့ Myanmar Egress ရဲ့ ဒါရိုက်တာအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် The Voice ဂျာနယ်နဲ့ Living Colour မဂ္ဂဇင်းတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာနေဝင်းမောင်နဲ့လည်း ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။
သူဦးဆောင်ပြီး ပို့ချမယ့် နိုင်ငံရေးသိပ္ပံသင်တန်းတွေမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ဥပဒေတွေ ဥပဒေကြောင်းဆိုင်ရာ ဆင်ခြင်တွေး ခေါ်ပုံများ၊ သုတေသနထုံး၊ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ သီအိုရီများ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ရဲ့ အခြေခံများစတဲ့ ခေါင်းစဉ်တွေနဲ့ ပို့ချသွားမှာဖြစ်ပါတယ်။