ရှမ်းရွှေ့ပြောင်းလုပ်သားများကို နေရာမှ ဖယ်ရှားခိုင်း
DVB
·
June 10, 2011
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ထဲမှာ တရားမဝင် မြေကွက်ဝယ်ယူပြီး နေထိုင်ခဲ့တဲ့ ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေအိမ် နဲ့ မြေကွက်တွေကို ဖယ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြောက်ဘက် ၂၆ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ နောင်ဖိုင့်ရွာက နေအိမ်တွေကို ၄ လအတွင်း အပြီးဖျက်ပြီး ပြောင်းရွှေ့သွားဖို့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ဒီကနေ့မနက်မှာ လာပြီး ပြောကြားခဲ့တာပါ။
အဲဒီရွာက မြေကွက်တွေကို တောင်ပေါ်သား လက်မှတ်ကိုင်ဆောင်သူ ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက စပြီး ဝယ်ယူခဲ့ပါတယ်။
အိမ်ရာဆောက် အတည်တကျ နေထိုင်နေကာမှ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရာနီးပါးလောက်ရှိတဲ့ အိမ်ခြေတွေကို ရွှေ့ပြောင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖယ်ပေးရမယ့် ရွာသားတယောက်က “သူတို့ပြောတာ ကိုယ့်ဟာကိုယ်ဖျက်တဲ့။ မဖျက်ရင် သူတို့ လာဖျက်ပေးမယ်။ ကျနော်တို့က ဖျက်ပြီးရင် ဘယ်မှာသွားနေမလဲ ကျနော်တို့က နေတဲ့နေရာ မရှိဘူးလို့။ ပိုက်ဆံတွေ ရှုံးသွားတာ အိမ်လာဆောက်တဲ့ အိမ်တွေ အကုန်လုံးဆုံးတယ်။ ခန့်မှန်း တသိန်းကျော်လောက်။”
အဓိက ပြဿနာကတော့ အလုပ်သမားတွေက ထိုင်းနိုင်ငံရဲ့ မြေရာပိုင်ဆိုင်ခြင်း ဥပဒေတွေကို နားမလည်တာဖြစ်ပြီး ထိုင်းနိုင်ငံသားစစ်စစ်မဟုတ်ရင် မြေကွက်ဝယ်ခွင့် မရှိတဲ့အပြင် အဲဒီမြေကွက်တွေထဲမှာမှ ခြံမြေဥယျာဉ်လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ မြေဆိုရင် အိမ်ဆောက်ခွင့်မရှိဘူးလို့ ချင်းမိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားပညာပေးအဖွဲ့ မက်ဖောင်ဒေးရှင်းက ကိုစိုင်းစွမ်မိုင်းက ပြောပါတယ်။
ငွေလိုချင်တဲ့ ထိုင်းဒေသခံနဲ့ ရွာသူကြီးတွေရဲ့ လိမ်ညာရောင်းစားမှုကို ခံရတာလို့ ဆိုပါတယ်။
“တကယ်လို့ ထိုင်းနိုင်ငံသားအဟုတ်ဘူးဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေအရပေါ့နော် လုံးဝ ဝယ်ပိုင်ခွင့် မရှိပါဘူး။ ခြံတွေ ယာတွေ လုပ်စားလို့ပဲ ရတယ်။ အိမ်ဆောက်ပြီးတော့ နေလို့ မရဘူး။ ပြီးတော့ အလုပ်သမားတွေကလည်း မဝယ်ခင်တုန်းက ဥပဒေပိုင်းဆိုင်ရာပေါ့ မသိကြတော့ သူတို့ကလည်း ဝယ်ကြတာပေါ့။ ရောင်းတဲ့လူကလည်း ပိုင်ရှင်လို့ သဘောပြောရမှာပေါ့။ အဲဒီအထဲမှာ ရွာသူကြီးတွေ ပြီးတော့ ဥက္ကဋ္ဌတွေ အပါအဝင်ပေါ့။ ပွဲစားတွေ ဘာတွေလည်း ရှိသေးတယ်။ အဲဒီပွဲစားတွေကမှ တဆင့်ပြီးတဆင့် တောင်ပေါ်သားကတ် ရှိတဲ့လူတွေကော အလုပ်သမားကတ် ရှိတဲ့လူတွေကော ရောင်းပေးမယ်ပေါ့။ တကွက်ကို ၂ သောင်းကနေ ၄ သောင်းအထိ အလုပ်သမားတွေကလည်း သတင်းကြားတော့ ပိုက်ဆံရှိတဲ့လူတွေက ဝယ်ပြီးတော့ အိမ်တွေဘာတွေ ဆောက်ပြီး နောက်ပိုင်းကျမှ ပြဿနာက ဖြစ်လာတာ။ တိုက်တွေဘာတွေ ဆောက်ထားတာ ပြီးစီးကုန်ပြီ။”
ထိုင်းအာဏာပိုင်တွေက ဒီမြေကွက်အရောင်းအဝယ်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရွာလူကြီးတွေကို ခေါ်ယူစစ်မေးနေပါတယ်။ ဒီနောင်ဖိုင့်ရွာက အိမ်တွေဖယ်ပေးခိုင်းတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက တခေါက် ဖယ်ခိုင်းခဲ့ပါသေးတယ်။
အဲဒီတုန်းကတော့ ရွာသားတွေအနေနဲ့ ချက်ချင်းပြောင်းရွှေ့ဖို့ မဖြစ်နိုင်သေးကြောင်း လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ်ဆိုင်ရာအဖွဲ့၊ အလုပ်သမား အဖွဲ့တွေက ခေတ္တဆိုင်းငံ့ပေးဖို့ အသနားစာတင်ပေးခဲ့တဲ့အတွက် အခုထိနေ နေကြတာပါ။
ဒီတခေါက်မှာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်လို့ ရွာသားတွေကို အာဏာပိုင်တွေက ကတိဝန်ခံချက် လက်မှတ်ထိုးခိုင်းသွားပါတယ်။