ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ဆေးသုံးသည့် ကစားသမား အသုံးပြုမှု ဖီနာဘာချီတိုင်

ချန်ပီယံလိဂ် ခြေစစ်ပွဲမှာ ဆေးသုံးတယ်လို့ စွပ်စွဲခံထားရတဲ့ ကစားသမားကို ယူကရိန်း ရှက်တာဒိုးနပ်စ်က ထည့်သွင်း အသုံးပြုတယ်လို့ တူရကီကလပ် ဖီနာဘာချီက ပြောပါတယ်။
ဇူလိုင် ၂၁ ရက်က ၁ ဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ ဆေးသုံးတယ်လို့ စွပ်စွဲခံထားရတဲ့ ဘရာဇီးလ် ကစားသမား ဖရက်ကို ရှက်တာဒိုးနပ်စ်က အသုံးပြုတယ်လို့ ဖီနာဘာချီက ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
ဖရက်ဟာ ကိုပါ အမေရိကဖလားပြိုင်ပွဲမှာ ဆေးသုံးစွဲထားတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဖရက်ကို မသုံးဖို့ အကြံပေးခဲ့တယ်လို့ ရှက်တာ ဒိုးနပ်စ် နည်းပြက ၀န်ခံထားပါတယ်။
"ဒီကိစ္စအတွက် အသေးစိတ် ထုတ်ပြန်ချက်မရှိသေးသလို ထုတ်ပြန်မယ့် ရလဒ်ကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။ တရားဝင်ဆုံးဖြတ်ချက်ချရင်တော့ ဒီအတိုင်း လိုက်နာ ဆောင်ရွက်သွားမှာပါ”လို့ ရှက်တာဒိုးနပ်စ်နည်းပြက ပြောပါတယ်။
သြဂုတ် ၃ ရက်မှာ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဖြစ်ရပ်အတွက် ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ပါတယ်။
သြဂုတ် ၅ ရက်မှာတော့ ရှက်တာဒိုးနပ်စ်ဟာ ဖီနာဘာချီကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။