တိရစ္ဆာန်အမျိုးအမည် ခွဲခြားပေးနိုင်သည့် ဒစ်ဂျစ်တယ်ကိရိယာ (ရုပ်သံ)

မွေးမြူရေးတိရစ္ဆာန်တွေကို အမျိုးအစား ခွဲခြားရတာဟာ သိပ်ကို ရှုပ်ထွေးပါတယ်။ ဒါကြောင့် တိမွေးကု ဆရာဝန်တွေနဲ့ မွေးမြူရေးသမားတွေဟာ နားရွက်ချိတ်ကပ်ပြား၊ သံပူအမှတ်သားနဲ့ တက်တူးတွေကို သုံးခဲ့ရတာပါ။ ဒီတော့ ခုလိုမျိုး တိရစ္ဆာန်တွေကို မထိခိုက် မနာကျင်စေတဲ့ အခြားနည်းရှိခဲ့ရင်ကောလို့ စဉ်းစားလာရပါတယ်။ ဒါနဲ့ပဲ ပါမောက္ခ ဟမ်ဒီမာမွတ်က ပါဝင် ပတ်သက်လာခဲ့တာပါ။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ဘန်နီ ဆွတ်ဖ်တက္ကသိုလ်က သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒစ်ဂျစ်တယ်နည်း သုံးပြီး နှုတ်သီးစွပ်ကို ကြည့်ရုံနဲ့ ကျွဲနွားတွေကို အမျိုးအမည် ခွဲခြားနိုင်ပါတယ်။ သူတို့က လူတွေကို လက်ဗွေရာနဲ့ ခွဲခြားသတ်မှတ်သလိုမျိုး ကျွဲနွားတွေအတွက် ဇီဝသညာမှတ်စနစ်ကို ဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျွဲနွားတွေမှာ ဒီသညာမှတ်ကို နှာခေါင်းပေါက် ၂ ပေါက်ကြားမှာ ထားရှိပါတယ်။
သူတို့က MSVM ဆိုတဲ့ အချက်အလက် ပေါင်းစုံပံ့ပိုးရေး ကိရိယာကို တီထွင်ခဲ့ပါတယ်။ ဒီကိရိယာက တိရစ္ဆာန်တွေရဲ့ နှာပေါက်နဲ့ အံကျစွပ်နိုင်တဲ့ နှာစွပ်ထဲက ထင်ရှားတဲ့မြောင်းတွေ၊ လိုဏ်တွေကို ၉၄ ရာခိုင်နှုန်းထိ အတိအကျ သရုပ်ခွဲပေးနိုင်ပါတယ်။
"ကျနော်တို့က တိရစ္ဆာန်အကောင် ၁၀၀ ရဲ့ ဓာတ်ပုံတွေပါတဲ့ ဒေတာဘေ့စ်တွေ ဆောက်ထားပါတယ်။ ၁ ကောင်စီကို ပုံ ၂၀ ရိုက်ယူထားတာမို့ ပုံပေါင်း ၂၀၀၀ ပါတာပေါ့။ တိကျတဲ့ နည်းပညာပါတဲ့ ကွန်ပျူတာပရိုဂရမ်တခု တည်ဆောက်ပြီး တိရစ္ဆာန်ကို ခွဲခြားတာပါ။ ဒီစနစ်မှာ ကင်မရာပါတဲ့အတွက် နှုတ်သီးစွပ်ကို ဓာတ်ပုံရိုက်ပြီး ဒီတိစ္ဆာန်ရဲ့အမည်ကို ဖော်ထုတ်တာပါ။"
ဟမ်ဒီကတော့ ဒီဆော့ဖ်ဝဲဟာ အာရုံကြောကွန်ရက်အတုရဲ့ အစိတ်အပိုင်းတရပ်ပဲလို့ ဆိုပါတယ်။ ဒီကွန်ရက်က နှုတ်သီးစွပ်တခုစီရဲ့ ဒီဂျစ်သညာမှတ်ကို ထူးခြားတဲ့ ကိန်းဂဏန်းအစုနဲ့ မှတ်သားပေးပါတယ်။ ဒီနည်းသစ်ဟာ ထိခိုက်မှု လုံးဝမရှိ၊ ပကတိညင်သာပြီး တိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးသင့်၊ မထိုးသင့် ဆုံးဖြတ်နိုင်တဲ့ အလွယ်ဆုံးနည်းပဲလို့ အဖွဲ့ကဆိုပါတယ်။ တိရစ္ဆာန်တွေရဲ့မွေးစာရင်း ထုတ်ပေးနိုင်တဲ့ ဒီကိရိယာကို နောက်ထပ် ဆန်းသစ်မှုတွေ လုပ်သွားနိုင်ဖို့ သူတို့က ရည်မှန်းထားပါတယ်။
"ကင်မရာပါတဲ့ ဒီကိရိယာက မြင်းတွေမှာရော တိရစ္ဆာန်မွေးမြူးရေး ခြံတွေမှာပါ ရှိသင့်ပါတယ်။ မွေးလာတဲ့ တိရစ္ဆာန်တိုင်းအတွက် မှတ်တမ်းတင်ပေးနိုင်မှာပါ။ လူတွေမွေးတဲ့အခါ မွေးစာရင်းထုတ်ပေးသလိုမျိုးပေါ့။ တိရစ္ဆာန်မွေးမြူရေးခြံက ဒီကျွဲအုပ်နွားအုပ်ကို ဓာတ်ပုံ လေးငါးပုံလောက် ရိုက်ပြီးမှ အဆင့်မြင့်ပြီး ထိခိုက်မှုကင်းတဲ့ နည်းပညာနဲ့ တိရစ္ဆာန်တွေကို ခွဲခြားသွားမှာမို့လို့ပါ။"
ဒီအဖွဲ့ကတော့ ဒီစနစ်ကို နောက်ထပ်ဆန်းသစ်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။