လတ်တလော ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးတွေ ထိုးကျနေတာဟာ ဈေးကွက်စိမ်ခေါ်မှုပဲဖြစ်လို့ အစိုးရက ဝင်ထိန်းလို့လည်း မရနိုင်ဘူး၊ ဝင်ထိန်းစရာလည်း မလိုဘူးလို့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ကျောက်မျက်ပွဲက ဒေါ်လာတွေ ဈေးကွက်ထဲဝင်လာတာကြောင့် ဒေါ်လာဈေးကျနေတာလို့လည်း ဆက်ပြောပါတယ်။
ပို့ကုန်သမားတွေ အပါအဝင် လုပ်ငန်းရှင်တွေ တော်တော်များများ ဒေါ်လာဈေးကျတာကြောင့် အရှုံးပေါ်နေတဲ့အပေါ် ဦးခင်ရွှေက စပ်ကူးမပ်ကူး ကာလမှာ ဖြစ်တတ်ပါတယ်လို့ ပြောပါတယ်။
“ပို့ကုန်လုပ်ငန်းရှင်တွေ တွက်ထားတာကတော့ ၈၀၀ – ၉၀၀ နဲ့ ပို့တာပေါ့ဗျာ။ ပြန်ရတဲ့အချိန်မှာ ၇၅၀-၈၀၀ ဆိုတော့ မကိုက်ဘူးပေါ့ဗျာ ရှုံးတယ်ပေါ့ဗျာ။ လတ်တလောကတော့ ဖြစ်တတ်ပါတယ် လတ်တလော စပ်ကူးမပ်ကူး ကာလမှာ။ အပွင့်လင်းဆုံး ပြောရရင် ရေရှည်သဖြင့်ကတော့ ကောင်းတဲ့လက္ခဏာ။ နောက်တခါ သူတို့ ပို့မယ် သွင်းမယ် ဆိုလို့ရှိရင် ၇၅၀ ပဲ အခြေခံ သွင်းပို့ရင် ဒီပြဿနာ တခါ မရှိတော့ ပြန်ဘူး။ ပို့ရင်းပို့ရင်းနဲ့ တခါ ၈၀၀ ဈေးပေါက်သွားရင် သူတို့ မြတ်သွားပြန်ရော။ အရင့်အရင်ကလည်း ဒီလိုပဲ ၈၀၀ လောက်မှန်းပြီး ပို့ကြတယ်။ ပြန်ရောက်လာတဲ့ အချိန်မှာ ၁၀၀၀ ဖြစ်တယ် မြိုးမြိုးမြက်မြက် မြတ်ကြတယ်။ အဲဒီအချိန်မှာ ဘာသံမှ မထွက်လာဘူး၊ အခုက ၉၀၀ လောက်နဲ့ မှန်းပြီးတော့ ပို့ကြတယ်၊ ပြီးတော့မှ ၇၅၀- ၈၀၀ ဖြစ်တဲ့အချိန်မှာ ညံကုန်တောပေါ့ဗျာ။ စီးပွားရေးအရက ရှုံးတာနဲ့ မြတ်တာ နှစ်ခုပဲ ရှိတာကိုး။”
ဒါတောင် ကျောက်မျက် ရောင်းရငွေ ၃၀ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းလောက်ပဲ ဝင်လာသေးတာ၊ ရာနှုန်းပြည့် ဝင်လာရင် ဒေါ်လာဈေးက ဒီ့ထက်မက ထပ်ကျဖို့ပဲရှိပြီး လောလောဆယ်ဒေါ်လာဈေးတက်ဖို့ မမြင်သေးဘူးလို့လည်း ဆိုပါတယ်။
ဒီနေ့မှာပဲ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ဒေါ်လာငွေကျရတဲ့ အကြောင်းရင်းတွေကို သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ သုံးသပ်ရေးသားတင်ပြလိုက်ပါ တယ်။
ဒေါ်လာတန်ဖိုး ကျဆင်းရခြင်းဟာ အကြောင်းတခုတည်းကြောင့် မဖြစ်နိုင်ဘူး၊ အစိုးရလက်ထဲမှာ နိုင်ငံခြား သီးသန့်ရန်ပုံငွေ ဒေါ်လာသန်း ၅၀၀၀ ကျော်ရှိနေတာ၊ နိုင်ငံပိုင်အဆောက်အဦနှင့် အိမ်ရာမြေများ ရောင်းချခဲ့တာတွေကနေ အစိုးရလက်ထဲကို မြန်မာကျပ်ငွေ အများအပြား ဝင်ရောက်သွားတာ၊ ပြီးခဲ့တဲ့နှစ်က ကျောက်မျက် ရောင်းရငွေတွေ စံချိန်တင်ခဲ့တာ၊ လာမယ့်ဇူလိုင်လမှာ လုပ်မယ့်ကျောက်မျက်ပွဲက ထပ်ပြီး စံချိန်ချိုးဦးမယ့် အလားအလာရှိနေတာ စတဲ့အချက်တွေကြောင့်လို့ သုံးသပ်ထားပါတယ်။
ဒေါ်လာဈေးကျတဲ့ဒဏ်ကို တကမ္ဘာလုံး ခံစားနေရတာပါလို့လည်း ရေးသားဖော်ပြထားပါတယ်။
ဇွန်လဆန်းကစပြီး ဒေါ်လာဈေး ကျပ် ၈၀၀ အောက်ကျဆင်းခဲ့တာပါ။ မနှစ်ဇွန်လက ကျပ်တထောင်လောက် ပေါက်ဈေး ရှိခဲ့ပါတယ်။