အစ္စရေး လိင်တူချစ်သူများ ချီတက်ပွဲ ဓားဖြင့်ဝင်ထိုးသည့် ဂျူးကို ဖမ်းဆီး (ရုပ်သံ)

2.9K
အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ကျင်းပတဲ့ လိင်တူချစ်သူများ ဂုဏ်ပြုလမ်းလျှောက်ချီတက်ပွဲမှာ လူ ၆ ဦးကို ဓားနဲ့ထိုးခဲ့တဲ့ အစွန်းရောက် ရှေးရိုးစွဲ ဂျူးတဦးကို အစ္စရေးလုံခြုံရေးတွေက ဖမ်းဆီးလိုက်ပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့ အစွန်းရောက် ဂျူးရှေးရိုးစွဲဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကလည်း လိင်တူချစ်သူများ လမ်းလျှောက်ချီတက်ပွဲမှာ လူ ၄ ဦးကို အခုလိုပဲ ဓားနဲ့ထိုးခဲ့လို့ ဒဏ်ရာရရှိခဲ့ကြတာပါ။
ဒါကြောင့် သူ့ကို ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခဲ့ပြီး ပြီးခဲ့တဲ့ ၃ ပတ်ကမှ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
အခုလည်း ဓားထိုးခံရတဲ့ လူ ၆ ဦးအနက် ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောဆိုပါတယ်။
အစ္စရေးနိုင်ငံမှာ ဒီလိင်တူချစ်သူများ လမ်းလျှောက်ချီတက်ပွဲဟာ လူများစု သာမန်ဂျူးတွေနဲ့ အနည်းစု အစွန်းရောက် ရှေးရိုးစွဲ ဂျူးတွေကြား မကျေနပ်စရာ၊ ထိပ်တိုက်တွေ့စရာ နေရာတခု ဖြစ်နေတာပါ။
အခုလို တိုက်ခိုက်မှုတွေဖြစ်မှာကို စိုးရိမ်လို့ ရဲလုံခြုံရေးအင်အား ရာနဲ့ချီပြီး ချထားခဲ့တာလည်း ဖြစ်ပါတယ်။