တရားသူကြီးအမိန့်ဖြင့် မိတ္တီလာတွင် ဆိုင်ခန်းဖျက်ဆီး
အေးနိုင်
·
June 10, 2011
မိတ္တီလာမြို့က တရားသူကြီးဟာ ဂွေးတောက်ကုန်း ကျေးရွာပေါက်မှာ စည်ပင်သာယာကို အခွန်ဆောင်ပြီး အအေးဆိုင်ဖွင့်ထားတဲ့ ဆိုင်ခန်းကို အမိန့်ထုတ်ဖယ်ရှားပြီး ဖျက်ဆီးပစ်လိုက်ပါတယ်။
တပ်ရင်းမှူးကို ရောင်းချဖို့ဆိုပြီး အခုလ ၃ ရက်နေ့မှာ လာရောက်ဖျက်ဆီးသွားတာလို့ ဖျက်ဆီးခံရတဲ့ ဆိုင်ရှင်ဘက်က မကျေနပ်တဲ့ ဒေသခံ ဒေါ်ခင်စိန်က ပြောပါတယ်။
“ဇွန်လ ၃ ရက်နေ့ ၁၁ နာရီအချိန်မှာ ဖြစ်ပါတယ်။ ရဲ ၇ ယောက် ပါပါတယ်၊ တရားရုံးက ၃ ယောက်ပါပါတယ်။ မြို့ရွာ အုပ်ချုပ်ရေးမှူး ကိုကျော်ဝင်းပါတယ်။ ပြီးတော့ ကိုမောင်မောင် မသန်းဌေးက သူတို့ အလုပ်သမား ၆ ယောက် ပါပါတယ်။ တရားသူကြီးမ ဝါဝါ ရဲ့ အမိန့်ဆိုပြီးတော့ သူတို့ ဖျက်ဆီးသွားတာပါ။ ပစ္စည်းတွေတော့ ဘာမှ ပြန်လုပ်လို့ မရတော့ဘူလေ ပျက်စီးကုန်တာပေါ့။ ၉၆၇ ဆောက်လုပ်ရေးတပ်က တပ်ရင်းမှူးကို ရောင်းလိုက်တာမို့လို့ပါတဲ့။ တရပ်ရင်းမှူးရဲ့ အမိန့်နဲ့လို့ ပြောတယ်။ ဒါပေမယ့် သူတို့ နာမည်သုံးတာပဲ ဖြစ်နိုင်တယ်။ မသန်းဌေးနဲ့ ကိုမောင်မောင်က ချမ်းသာတယ်လေ။”
မသန်းဌေးနဲ့ ကိုမောင်မောင်တို့ ဇနီးမောင်နှံဟာ ဒီဆိုင်ခန်းလေး ရလိုမှုနဲ့ ဆိုင်ရှင်ဦးညိုတို့နဲ့ တရားရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
ဖျက်ဆီးခံခဲ့ရတဲ့ ခြောက်ပေရှစ်ပေ ပတ်လည်ရှိတဲ့ ဒီဆိုင်ခန်းလေးမှာ ဦးညိုတို့ သားအဖ သုံးဦး ဈေးရောင်းစားနေတာဖြစ်ပြီး မိတ္ထီလာတရားရုံးရောက် အမှုရင်ဆိုင်ရာမှာ ဦးညိုတို့ကို အနိုင်ပေးခဲ့ပါတယ်။
အခုအခါ ဆိုင်ခန်းကို ဖျက်ဆီးပြီး ပစ္စည်းတွေကို လမ်းဘေးမှာ ပုံထားတယ်လို့ ဆိုပါတယ်။
တရားသူကြီးရဲ့ ဒီဆောင်ရွက်ချက်နဲ့ပတ်သက်လို့ ဦးညိုတို့ဘက်ကနေ မခံမရပ်ဖြစ်တဲ့ ဒေသခံ ဒေါ်ခင်စိန်က အခုလို ပြောပါတယ်။
“ဒီမိတ္ထီလာမှာ တရားသူကြီးမတွေကလည်း သူတို့က ဘယ်လိုခေါ်မလဲဆိုတော့ တရားရုံးမဟုတ်တော့ဘူး၊ တရားရုံးနဲ့ မတူတော့ဘူး လေလံရုံးကြီး ဖြစ်နေတာ။ မိတ္ထီလာမှာက တရားရုံးက ငွေပေးရင် အကုန်လုပ်တာ။ အမှုမှန်ပေမယ့် တရားခံ အစစ်အမှန်ကို ငွေပေးရင် အကုန်လွှတ်ပစ်တာ။ အဲဒီတော့ တရားရုံးရဲ့ အမိန့်နဲ့ လွှတ်ပါတယ်တဲ့ အာဏာပိုင် အဖွဲ့အစည်း မပါဘူး ဒီတပတ်က။”
ဒီဆိုင်ခန်းလေးဟာ ကာလပေါက်ဈေးအားဖြင့် ခုနှစ်သိန်းဝန်းကျင်လောက် တန်နေတာဖြစ်ပြီး အခု ဖယ်ပေးလိုက်ရတဲ့ ဦး ညိုတို့ သားအဖသုံးဦးဟာ ဆိုင်ခန်းနေရာ လက်မဲ့ဖြစ်ပြီး လမ်းလေးတနေရာမှာ ကွမ်းယာဆိုင်လေး ဖွင့်လှစ်နေပါတယ်။