အချိန်မဖြုန်းဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အစိုးရသစ်ကို ဘန်ကီမွန်း တိုက်တွန်း
နေသွင်
·
June 10, 2011
အချိန်မဖြုန်းဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အစိုးရသစ်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့တုန်းက အစည်းအဝေးလုပ်ပြီး ဘန်ကီမွန်းရဲ့ ကြေညာချက်ထွက်လာတာပါ။
သမ္မတသစ် ဦးသိန်းစိန်က အမျိုးသားညီညွတ်ရေး၊ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုအပ်ပါတယ်လို့ အသိအမှတ်ပြုပြောကြားခဲ့ပေမယ့် တကယ့် နိုင်ငံရေးဆန္ဒ၊ တကယ် လုပ်နိုင်စွမ်းရှိမရှိ၊ သံန္နိဋ္ဌာန်နဲ့ ကတိကဝတ်တွေ အတိုင်း လက်တွေ့ လုပ်တာတွေကိုတော့ အခုချိန်ထိ မမြင်မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမြန်မာပြည်ရဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြဿနာတွေဟာ အရင်နှစ်တွေကအတိုင်းပဲ ရှည်ကြာ အမြစ်တွယ်နေပြီး အရေးတကြီးဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အရေးအကြီးဆုံးနဲ့ အချိန်မဖြုန်းဘဲ လုပ်ရမှာက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် အတွင်းအပြင်က နိုင်ငံရေးအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေမျိုးကသာ အားလုံးလက်ခံနိုင်တဲ့ အပြောင်းအလဲမျိုးဖြစ်ဖို့ အဓိက သော့ချက်ကျတယ်လို့ ဘန်ကီမွန်းက တိုက်တွန်းထားပါတယ်။
၂၀၀၇ ခုနှစ်တုန်းက ဖွဲ့စည်းခဲ့တဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့မှာ အမေရိကန်ပြည်ထောင်စု၊ အီးရောပသမဂ္ဂတို့သာမက တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့လို ဒေသတွင်းနိုင်ငံတွေလည်း ပါဝင်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ရူထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံအောင် ဖွဲ့စည်းထားတဲ့ ဒီ ၁၄ နိုင်ငံပါဝင်တဲ့ အဖွဲ့နဲ့ ဘန်ကီမွန်းတို့ရဲ့ အစည်းအဝေးဟာ မြန်မာပြည်မှာ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။