A d v e r t i s e m e n t With Us

အချိန်မဖြုန်းဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အစိုးရသစ်ကို ဘန်ကီမွန်း တိုက်တွန်း

အချိန်မဖြုန်း​ဘဲ ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ဖို့​ အစိုး​ရသစ်ကို ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဘန်ကီမွန်း​က တိုက်တွန်း​လိုက်ပါတယ်။ မစ္စတာ ဘန်ကီမွန်း​နဲ့​ မြန်မာ့​မိတ်​ဆွေ နိုင်ငံများ​အဖွဲ့​ နယူး​ယောက်မှာရှိတဲ့​ ကုလသမဂ္ဂဌာနချုပ်မှာ မ​နေ့​တုန်း​က အစည်း​အ​ဝေး​လုပ်ပြီး​ ဘန်ကီမွန်း​ရဲ့​ ​ကြေညာချက်ထွက်လာတာပါ။ သမ္မတသစ် ဦး​သိန်း​စိန်က အမျိုး​သား​ညီညွတ်​ရေး​၊​ ကျယ်ပြန့်​တဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေလုပ်ဖို့​ လိုအပ်ပါတယ်လို့​ အသိအမှတ်ပြု​ပြောကြား​ခဲ့​ပေမယ့်​ တကယ့်​ နိုင်ငံ​ရေး​ဆန္ဒ၊​ တကယ် လုပ်နိုင်စွမ်း​ရှိမရှိ၊​ သံန္နိဋ္ဌာန်နဲ့​ ကတိကဝတ်​တွေ အတိုင်း​ လက်​တွေ့​ လုပ်တာ​တွေကို​တော့​ အခုချိန်ထိ မမြင်မ​တွေ့​ရ​သေး​ဘူး​လို့​ ဆိုပါတယ်။ လက်ရှိမြန်မာပြည်ရဲ့​ လူ့​အခွင့်​အ​ရေး​၊​ နိုင်ငံ​ရေး​၊​ လူမှု​ရေး​၊​ စီး​ပွား​ရေး​၊​ ပြဿနာ​တွေဟာ အရင်နှစ်​တွေကအတိုင်း​ပဲ ရှည်ကြာ အမြစ်တွယ်​နေပြီး​ အ​ရေး​တကြီး​ဖြေရှင်း​ဖို့​ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။ အ​ရေး​အကြီး​ဆုံး​နဲ့​ အချိန်မဖြုန်း​ဘဲ လုပ်ရမှာက နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် လွှတ်​တော် အတွင်း​အပြင်က နိုင်ငံ​ရေး​အင်အား​စု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ပါဝင်တဲ့​ နိုင်ငံ​ရေး​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေမျိုး​ကသာ အား​လုံး​လက်ခံနိုင်တဲ့​ အ​ပြောင်း​အလဲမျိုး​ဖြစ်ဖို့​ အဓိက ​သော့​ချက်ကျတယ်လို့​ ဘန်ကီမွန်း​က တိုက်တွန်း​ထား​ပါတယ်။ ၂၀၀၇ ခုနှစ်တုန်း​က ဖွဲ့​စည်း​ခဲ့​တဲ့​ မြန်မာ့​မိတ်​ဆွေနိုင်ငံများ​အဖွဲ့​မှာ အ​မေရိကန်ပြည်​ထောင်စု၊​ အီး​ရောပသမဂ္ဂတို့​သာမက တရုတ်၊​ အိန္ဒိယ၊​ ဂျပန်တို့​လို ​ဒေသတွင်း​နိုင်ငံ​တွေလည်း​ ပါဝင်ပါတယ်။ မြန်မာ့​အ​ရေး​နဲ့​ ပတ်သက်လာရင် ရူ​ထောင့်​ပေါင်း​စုံ၊​ အမြင်​ပေါင်း​စုံ​အောင် ဖွဲ့​စည်း​ထား​တဲ့​ ဒီ ၁၄ နိုင်ငံပါဝင်တဲ့​ အဖွဲ့​နဲ့​ ဘန်ကီမွန်း​တို့​ရဲ့​ အစည်း​အ​ဝေး​ဟာ မြန်မာပြည်မှာ အစိုး​ရသစ်တက်လာပြီး​တဲ့​နောက်ပိုင်း​ ပထမဆုံး​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up