အမျိုးအစားအလိုက် စိစစ်ရေးကင်းလွတ်ခွင့်ကို သတိဖြင့်ကြိုဆို
DVB
·
June 9, 2011
ဇွန် ၈ ရက်မှာ တရားဝင်စတင်ကြေညာလိုက်တဲ့ အမျိုးအစားတွေလိုက် စာပေစိစစ်ရေးကို တင်စရာမလိုတော့တဲ့ မူဝါဒတွေနဲ့အတူ အာမခံအဖြစ် ကျပ်သိန်း ၅၀ တင်ဆောင်ရမယ့်ကိစ္စတွေ၊ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတွေမှာ ဘဝမကျနိုင်တဲ့ အချက်အလက်အချို့ ပါဝါနေတာကြောင့် စာနယ်ဇင်း လောကသားတွေ သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။
သတင်းဂျာနယ်တစောင်ရဲ့ တာဝန်ခံအယ်ဒီတာတဦးက “ကျနော့်အမြင်ကတော့ ကိုယ်ရေးတဲ့ဟာတွေ ကိုယ်တာဝန်ခံရမယ်။ ပြီးတော့မှ ရေးတဲ့ဟာက ဥပဒေရဲ့ အဆုံးအ ဖြတ်ကို ခံယူရမယ်ဆိုတဲ့ဟာကျတော့ ကျနော်တို့ သဘောကျတယ်။ လွတ်လွတ်လပ် လပ်လည်း ရေးချင်တာပေါ့။ ဒါပေမယ့် အခု သူတို့ရှင်းပြသွားတဲ့အချိန်မှာ ဘယ်လိုဖြစ်သလဲဆိုတော့ တရားရုံး နှစ်ခုလို ဖြစ်နေတယ်။ ပထမ တရားရုံးကတော့ စာပေစိစစ်ရေးက ကိုင်တွယ်တဲ့ တရားရုံးတခု၊ အဲဒီတရားရုံးက ပထမပြဿနာ တခုပေါ်ရင် သူတို့ဆုံးဖြတ်မယ်။ နှစ်ဖက်တော့ ကြားနာခွင့်ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်မှာက သူတို့ဆုံးဖြတ်မှာ၊ ဆုံးဖြတ်တယ်ဆိုတဲ့အခါကျတော့ စစ်ဆေးတာလည်း သူတို့ပဲ။ ဆုံးဖြတ်တာလည်း သူတို့ပဲဆိုတော့ ညှာတာမှု ရှိမရှိကတော့ မပြောနိုင်ဘူးပေါ့။ အဲတော့ ပထမတကြိမ် ပြဿနာပေါ်တယ်။ သူတို့ကလည်း ဆုံးဖြတ်လိုက်တယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်ဆိုရင် စပေါ်ငွေ သိန်း (၅၀) တင်ရမယ်။ ဒုတိယအဆင့်ဆိုရင် အပြစ်ရှိကြောင်း ထပ်ဆုံးဖြတ်တယ်ဆိုရင် ငွေဘယ်လောက်ကို ဒဏ်ကြေးအဖြစ် သတ်မှတ်မယ်ဆိုတာကို အဲဒီအချိန်မှာ သတ်မှတ်မှာလေ။ အဲဒါက တရားရုံးရဲ့ အဆုံးအဖြတ်မဟုတ်ဘူး။ ပြီးတော့မှ ဒီလိုမျိုးလုပ်လို့ ဒီတခုတည်းနဲ့ ပြီးသွားလားလို့ဆိုတော့ မပြီးဘူး။ တချို့သော ကိစ္စတွေဆိုရင် တရားရုံးမှာ အဆုံးအဖြတ်ခံယူရမှာလည်း ရှိသေးတယ်။ တရားရုံးဆိုတာ ရှိနေလျက်နဲ့ ဒီဟာကြီးတခုက ဘာလို့ရှိနေလဲဆိုတာတော့ ကျနော့်တဦးချင်းအနေနဲ့ နားမလည်ဘူး” လို့ ပြောပါတယ်။
ဝါရင့်စာနယ်ဇင်း ဆရာတဦးဖြစ်တဲ့ လျှပ်တပြက်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ကလည်း တွေ့ကြုံလာနိုင်တဲ့ အခြေအနေတွေကို အခုလို ပြောပါတယ်။
“ထစ်ခနဲဆို စာပေစိစစ်ရေးတိုင်တာတို့ ဝန်ကြီးကိုတိုင်တာတို့ ဖြစ်နေရင် လုပ်လို့မရတော့ဘူး။ လုပ်လို့မရတော့ သူတို့စီ စာပို့ရင် တရားစွဲတာတို့ ဖြစ်လာတော့မှာပေါ့။ အယ်ဒီတာ အရည်အချင်းရှိဖို့ လိုတယ်။ အရည်အချင်းမရှိရင်တော့ ရင်ဆိုင်ရမှာပဲ။ အရင်က ပုလိပ်နည်းပါပဲ။ ဟိုတုန်းက ရှိခဲ့ဘူးတယ်။ ဒါဆို စပေါ်ငွေတင်ပေါ့။ အဲဒီထဲကနေ ဒဏ်ရိုက်သွားမယ်၊ ဖြတ်သွားမယ်။ အဲဒီထဲက လျော့သွားရင် ပြန်ဖြည့်၊ အလကားနေရင်း မြှုပ်နှံထားရမှာလေ။ အဲတော့ ဘယ်ထုတ်လုပ်သူက ဒါကိုမြှုပ်မလဲ၊ ဘယ်ပုံနှိပ်သူက ပေးမလဲ၊ ပြဿနာရှိတယ်လေ။ ပုံနှိပ်သူက ပြဿနာဖြစ်နိုင်လို့ ငြင်းဆန်ရင် ဘယ်လိုလုပ်မလဲ၊ သူကလည်း ဖြစ်ရင် ချိပ်ပိတ်ခံရမှာကို။ သူလည်း ဝင်ပါရင် ဒဏ်ခံရမှာပေါ့။ အဲတော့ အယ်ဒီတာနဲ့ ထုတ်လုပ်သူနဲ့ ပုံနှိပ်သူတွေက အယ်ဒီတာတွေကို ဝင်ကြပ်ပေးတဲ့ ပြဿနာတွေကလည်း ပေါ်လာမှာပဲ။ ဘယ်သူနာမည်တတ်လိုက်မယ် ဆိုပြီးလုပ်လို့ မရဘူး။ အစအဆုံး ပြန်ဖတ်ရမယ်။ ဒါတွေကတော့ ညိနိုင်တယ်။ ဖြုတ်သင့်တယ်ဆိုတဲ့ အကြံပေးနိုင်တဲ့ ပညာရှင် ဖြစ်ဖို့လိုတယ်။ အဲတော့ မီဒီယာကြီးတွေမှာတော့ ဒီဥပဒေပညာရှင်ဆိုတာ ရှိသင့်တယ်။”
အနုပညာမဂ္ဂဇင်းတစောင်ရဲ့ တာဝန်ခံအယ်ဒီတာ တဦးက “အမတို့အတွက်တော့ စာပေစိစစ်ရေးမတင်ရဘူးဆိုရင်တော့ ပိုပြီးအာရုံစိုက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖြစ်ရင်ကိုယ်ခံရမှာ၊ ကိုယ်တာဝန်ယူရမှာလေ။ အရင်တုန်းက တော့ တခုခုဆိုရင် ထုချေလွှာတင်တာတို့ တောင်းပန်တာတို့။ ဝန်ခံကတိသွားထိုးရင်တော့ အဆင်ပြေတာပေါ့။ အခုကျတော့ ဖြစ်တယ်ဆိုရင် ဥပဒေနဲ့လည်း တင်ရမှာလေ။ ဒဏ်ကြေးဆိုလည်း ဒဏ်ကြေး၊ ဒဏ်ကြေးနဲ့ မရရင် ဥပဒေနဲ့ ရှင်းရတော့မှာ။ အဲလိုဖြစ်နေတာ။ ခေါင်းတော့ပိုစားတယ်။ ဥပဒေနဲ့ ပတ်သက်တဲ့လူက လိုသွားပြီ။ အဲတော့ အခုမူကတော့ အရင်လိုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အတိုအပြတ်တွေ လူမှုရေးဖောက်ဖျက်တဲ့ ဝတ်စားဆင်ယင်မှုတွေ မရဘူး။ အဲဒါကိုဖောက်ဖျက်ရင်လည်း ကိုယ်ထည့်တဲ့ပုံ၊ ကိုယ်ထည့်တဲ့စာအတွက်က ကိုယ်ကတာဝန်ယူရမှာ။ အပြတ်ရတယ်လို့ ဖွင့်ပေးလိုက်တာမဟုတ်ဘူး။ ကျန်တဲ့မူဝါဒက အရင်အတိုင်းပဲ။ အခုပိုဆိုးသွားတာက ကိုယ်လုပ်ရင် ကိုယ်တာဝန်ယူရမယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းမ်နဲ့ ဖလားဝါးနယူး ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးကိုကို (စက်မှုတက္ကသိုလ်) ကလည်း အခုလိုပြောပါတယ်။
“စာပေမူဝါဒတွေကို လျော့ပေါ့လိုက်တဲ့ ကိစ္စကတော့ အပြုသဘောဆောင်တဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့ လိုလားတဲ့ဟာဖြစ်တယ်။ ကြိုဆိုပါတယ်။ သို့သော် လုပ်ငန်းတွေက အခုဇွန်လ ၁ဝရက်နေ့မှာ စတင်မှာဆိုတော့ ကျနော်တို့ သိထားဖို့ကတော့ မျှော်လင့်ထားသလို ချောချောမွေ့မွေ့ ရာနှုန်းပြည့် ချောမွေ့စွာ လျှောက်လှမ်းရမယ်လို့ ကြိုတင်ယူဆထားရင်တော့ မှားလိမ့်မယ်။ အခုအသစ်အဆန်းတခု အနေနဲ့ စတင်လုပ်မယ်ဆိုတာကြောင့် အခက်အခဲလေးတွေက အနည်းနဲ့ အများ ရှိလာနိုင်တယ်။ အဲဒါတွေကိုတော့ ကျော်လွှားသွားဖို့ လိုပါတယ်။ ထွက်လာတဲ့အခါမှာ ခုနပြောတဲ့ စိုးရိမ်စိတ်တွေလည်း ရှိတယ်။ ပြဿနာတွေ တက်မလား၊ တရားစွဲခံရမလား၊ အဲတော့ ကျနော်တို့က တခုခု ဖြစ်ချင်ရင် တခုတော့ စွန့်လွှတ်ရမယ်။ ကျနော်တို့က ဒါကိုလိုချင်တာကို။ ဒါတွေကိုလိုချင်ရင်တော့ သတ္တိရှိရှိ ဖြတ်သန်းသွားရမှာပဲ၊ မဖြတ်သန်းရဲရင်တော့ ရမှာမဟုတ်ဘူး။ လွတ်လပ်ခွင့်ကို သွားမယ်ဆိုရင် လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှုတွေကို ကျနော်တို့ ခုနပြောတဲ့ တရားတဘောင်ကိစ္စတွေကို ကျနော်တို့ ကြုံလာနိုင်တာပဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ဖြတ်သန်းရတာပဲ။ ဖြတ်သန်းရင် ပြဿနာမရှိဘူး။ အသစ်အဆန်းဖြစ်တဲ့အတွက် စလာလာချင်းမှာ စိတ်ပူပန်မှုနဲ့ တာဝန်ဆိုတာကြီးက ကိုယ့်အတွက် ဖိစီးနေတာပေါ့။ ဒါပေမယ့် အတွေ့အကြုံများလာရင် အချိန်ကြာလာတာနဲ့အမျှ တာဝန်ဆိုတာတော့ ရှိမယ်။ သို့သော် အဲဒီတာဝန်က ကိုယ့်အပေါ်မှာ ဖိစီးမှု ရှိတော့မှာ မဟုတ်ဘူး။ အဲဒီတာဝန်က ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်သွားနိုင်လိမ့်မယ်။ အဲတော့ ကျနော်မြင်တာက လွတ်လပ်ခွင့်ကို စရတဲ့အတွက်ကို အပြုသဘောလေး ကောင်းတဲ့သဘောလေး မြင်ပြီးတော့ သတ္တိရှိရှိ တာဝန်သိသိနဲ့ ဖြတ်သန်းလိုက်ရင် အဆင်ပြေသွားမှာပါ။ ကျနော်တို့ လိုချင်တာတွေကို။”
အခုလို စာပေစိစစ်ရေးတင်ပြစရာမလိုတော့ဘဲ ထုတ်ဝေခွင့်ရရှိမယ့် စာနယ်ဇင်းတွေထဲမှတော့ ဂျာနယ်တွေထဲက ၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင် ပါဝင်လာမှာ ဖြစ်ပါတယ်။