A d v e r t i s e m e n t With Us

မွန်ဘိုင်းမြို့ ဗုံးခွဲမှု ငွေကြေးကူညီသူကို ကြိုးပေးကွပ်မျက် (ရုပ်သံ)

၁၉၉၃ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဗုံးအတွဲလိုက်ဖောက်ခွဲမှုတွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်ဆိုတဲ့ ရာကွတ်မန်မွန် (Yakub Memon) ကို ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ကြိုးပေးကွပ်မျက်လိုက်ပြီလို့ မဟာရတ်ရှ်ထရာ (Maharashtra) ပြည်နယ်အစိုးရက အတည်ပြုပါတယ်။ နိုင်ငံအနောက်ပိုင်းက နတ်ဂပူးရ် (Nagpur) ပြည်နယ် အကျဉ်းထောင်တခုမှာ ကွပ်မျက်လိုက်တာပါ။ ၁၉၉၃ ခုနှစ် မတ်လက ဗုံးပေါက်ကွဲမှုတွေမှာ လူ ၂၅၇ ယောက် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံမှာ လူသေဆုံးမှု အများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ အဲဒီမတိုင်ခင်က အုံကြွမှုတွေမှာ မွတ်စလင် အများအပြား သတ်ဖြတ်ခံရလို့ လက်စားချေ တိုက်ခိုက်တာလို့ ဆိုပါတယ်။ သူကို ကွပ်မျက်ခဲ့တဲ့ ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ နတ်ဂပူးရ်ပြည်နယ် အကျဉ်းထောင်ပတ်ဝန်းကျင်နဲ့ မွန်ဘိုင်းမြို့ရဲ့ အရေးကြီးနေရာတွေမှာ လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။ မန်မွန်ရဲ့ နောက်ဆုံးအသနားခံမှုကို နိုင်ငံတော်တရားရုံးချုပ်က ပယ်ချခဲ့ပြီး နာရီပိုင်းအကြာမှာပဲ သူ့ကို ကွပ်မျက်ခဲ့တာပါ။ ဒါကြောင့် သူရဲ့ရှေ့နေတွေက အသနားခံမှု ပယ်ချခံရပြီး ၁ ပတ်ကြာမှ ကွပ်မျက်ရတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ သေဒဏ်ကို ရှားရှားပါးပါး ချမှတ်တတ်ပြီး ချမှတ်တဲ့သေဒဏ်ကို ကွပ်မျက်မှုဟာ ပိုပြီး ရှားပါးပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး တရားခံ ၃ ဦးကိုပဲ ကွပ်မျက်ဖူးပါတယ်။ မန်မွန်ရဲ့ သေဒဏ်နဲ့ ပတ်သက်ပြီး အိန္ဒိယပြည်သူတွေကြားမှာလည်း အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေကြပြီး သေဒဏ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ မန်မွန်ရဲ့ အစ်ကိုဖြစ်သူက တိုက်ဂါး (Tiger) ကမှ ဒီမွန်ဘိုင်းမြို့ ဗုံးဖောက်ခွဲမှုတွေရဲ့ တကယ့်လက်သည်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည့်နေကြပြီး သူနဲ့ အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ဒါဝူးဒ် အီဗရာဟင် (Dawood Ibrahim) တို့ဟာ ဗုံးဖောက်ခွဲခဲ့ပြီး၂၂ နှစ်ကြာတဲ့အထိ ဖမ်းမမိသေးပါဘူး။ ဒါကြောင့် တခြားတဦးဦးဟာ စီစဉ်ခဲ့တဲ့ကိစ္စမှာ မန်မွန်ကို မကွပ်မျက်ဖို့ အိန္ဒိယနိုင်ငံရဲ့ သြဇာတိကမရှိသူတွေက သမ္မတဆီ စာရေးတောင်းဆိုခဲ့ကြပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up