Live
Home
ဆောင်းပါး
အန္တရာယ်ပြွမ်းတဲ့လုပ်ငန်းခွင်က အိပ်ပျော်နေတဲ့ဘီလူးကြီးများ မနိုးထစေဖို့ (၁)
DVB
·
July 30, 2015
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က မင်္ဂလာမန္တလာစီမံကိန်းရဲ့ Pullman ဟိုတယ်ဆောက်လုပ်ရေးခွင်အတွင်း ကွန်ကရစ်လောင်းနေတုန်း သံငြမ်းပြိုကျလို့ အလုပ်သမား အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး ၂ ဦး သေဆုံး ခဲ့ပါတယ်။ ကွန်ကရစ်တွေကြားထဲ ပိတ်မိနေတဲ့ လက်သမားလေး ကိုဆန်းမြင့်အောင်ကို ၃၃ နာရီ နီးပါးကြာပြီး တဲ့နောက် ကယ်တင်နိုင်ခဲ့ပေမဲ့ ခြေနှစ်ချောင်းလုံး ဖြတ်ပစ်ခဲ့ရသတဲ့။ နောက်တခါ ဇွန် ၃၀ ရက်နေ့ က မန္တလေးမြို့ ၈၄လမ်း၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားရှိ ဆောက်လက်စ အထပ်မြင့်တိုက်တလုံးရဲ့ အပေါ်ထပ်ကနေ ရေပိုက်ဆင်လုပ်သား ဦးသောင်းမြင့်ဆိုတဲ့ အလုပ်သမားတဦး ပြုတ်ကျ သေဆုံးခဲ့ကြောင်း သတင်းကိုလည်း ဖတ်လိုက်ရတယ်။ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ဒီလို လုပ်သားသေဆုံးခြင်းဟာ ၃ ဦးမြောက်ဖြစ်တယ်လို့လည်း သိရတယ်။ ပထမတဦးက တိုက်အပေါ်ထပ်ကနေ သစ်သားတုံးပြုတ်ကျပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်။ ဒုတိယတဦး ကတော့ ဂဟေဆော်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အဲ့ဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိတဲ့ ရပ်ကွက်နေပြည်သူ တွေက ပြောကြတယ်လို့ သိရတယ်။ တိုင်းသူပြည်သားတွေဟာ မလိုအပ်ဘဲ အသက်ကိုရင်းပြီးမှ ထမင်းတလုပ်ကို ပင်ပန်းဆင်းရဲခြင်းကြီးစွာ ရှာဖွေ စားသောက် ရှင်သန်နေရတယ်ဆိုရင် အဲ့ဒီတိုင်းပြည်ရဲ့ အုပ်ချုပ်ပုံစနစ်ဟာ သွက်သွက်ခါအောင် မှားနေပြီ ဆိုတာကို ညွှန်ပြနေတာပါ။ စက်မှုလက်မှုနည်းပညာတွေ ထွန်းကားလာတဲ့ ဒီနေ့မျက်မှောက်ခေတ်ထဲမှာ အသက်မွေး ဝမ်းကြောင်းနေရတဲ့ လူသားတွေ ရုန်းကန်ဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင်တွေမှာ အန္တရာယ်တွေ ပိုလို့ ပြွမ်းတီးလာသလို အိပ်ပျော်နေတဲ့ဘီလူးကြီးတွေလည်း ပိုလို့ တိုးပွားလာနေပါတယ်။ မသိလို့ ဖြစ်စေ၊ သတိမပြုမိလို့ ဖြစ်စေ၊ ပေါ့ဆမှုကြောင့်ဖြစ်စေ အိပ်ပျော်နေတဲ့ ဘီလူးကြီးတွေကို လှုပ်နိုးမိတဲ့ အခါတိုင်း အနိဋ္ဌာရုံတွေ ထိခိုက်သေကျေပျက်စီးမှုတွေနဲ့ မလွှဲမရှောင်သာကြုံကြရပါတယ်။ ဒီသွေးဆာနေတဲ့ ဘီလူးကြီးတွေ နိုးလာတိုင်း နိုလာတိုင်း လူပေါင်းများစွာ အသက်ဆုံးရှုံးနိုင်သလို ဘဝပေါင်းများစွာလည်း ထိခိုက်နစ်နာရလေ့ ရှိပါတယ်။ ဒါကြောင့် ဒီဘီလူးကြီးတွေ မနိုးထလာအောင် နိုးထလာတဲ့တိုင် အန္တရာယ်လျော့ရဲ အထိအခိုက် နည်းအောင် ကြိုတင်ကာကွယ်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ကျနော်တို့ လူသားတွေဟာ မိခင်ဝမ်းမှာ သန္ဓေတည်လာရာကနေ သေဆုံးချိန်တိုင်အောင် ဆန္ဒပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အချိန်နဲ့အမျှ နေ့တဓူဝ စွန့်စားမှု ( Risks) တွေ မယူမဖြစ် ယူကြရပါတယ်။ သန္ဓေသားဘဝမှာကထဲက ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူအပ်ထားတဲ့ သမားတော် (သို့) အရပ်လက်သည်ရဲ့ ညွှန်ကြားကုသမှုကို ခံကြရတာ မဟုတ်လား။ အဲဒီသမားတော်ရဲ့ ယုံကြည်ရမှု၊ အရည်အသွေးပြည့်မှီမှု ရှိ၊ မရှိ ဆိုတာ မိခင်ဖြစ်သူရဲ့ အကဲဖြတ်မှုနဲ့ ငွေကြေးတတ်နိုင်မှုအပေါ် မူတည်ရွေးချယ်တာဟာ စွန့်စားမှုယူကြရတာ မဟုတ်လား။ လမ်းလျှောက်တာ၊ ရေကူးတာနဲ့ ဘတ်စ်ကားစီးတာ ဘာဘဲလုပ်လုပ် စွန့်စားမှု ယူရတာချည်းပါဘဲ။ ဒါပေမဲ့ ကိုယ်ယူမဲ့ စွန့်စားမှုတိုင်းဟာ လက်သင့်ခံနိုင်တဲ့စွန့်စားမှု (Acceptable Risk) ၊ စီမံလို့ရတဲ့ စွန့်စားမှု (Manageable Risk) ဖြစ်ဖို့ လိုပါတယ်။ လူတိုင်းဟာ လမ်းမပေါ်မတက်ခင် ငယ်စဉ်ဘဝမှာ မိဘတွေရဲ့လမ်းလျှောက်သင်တာ ခံယူပြီးမှ လမ်းပေါ် တက် လမ်းလျှောက်ကြတာပါ။ လမ်းလျှောက်တတ်ယုံနဲ့လည်း အန္တရာယ်မကင်းသေးပါဘူး။ ကိုယ်လျှောက်မဲ့လမ်းမှာ ချိုင့်တွေ ကျင်းတွေ ဘယ်လောက်ရှိသလဲ ၊ ယာဉ်ရထားတွေ ရှုပ်သလား၊ ဘယ်အချိန် ရှင်းသလဲ တခြားအန္တရာယ် ဘာရှိနိုင်သလဲဆိုတဲ့ အချက်တွေ သိဖို့ လိုပါတယ်။ ဒါမှသာ ဒီလမ်းလျှောက်သင့် မလျှောက်သင့် ဆုံးဖြတ်တဲ့အခါ စွန့်စားမှုယူတဲ့အခါ လက်သင့်ခံနိုင်တဲ့စွန့်စားမှု (Acceptable Risk) ကို ယူနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘာဘဲလုပ်လုပ် မဆင်မခြင် ဆင်ကန်းတောတိုး မလုပ်ဖို့ပြောချင်တာပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာစားစား၊ ဘာသောက်သောက်၊ ဘာအလုပ်လုပ်တာဖြစ်ဖြစ် မသွားခင်၊ မလာခင်၊ မစားခင်၊ မသောက်ခင် မလုပ်ခင်လေးမှာ အန္တရာယ်ကင်း၊ မကင်း စူးစမ်းဆင်ခြင်ပြီး ကြိုတင်ကာကွယ်မှု မတော်တဆ ထိခိုက်ရင်တောင် သက်သာအောင် ထည့်သွင်းတွက်ချက်မှုတွေ လုပ်ဆောင်အပ်ပါတယ်။ အဲဒါကို အင်္ဂလိပ် လိုတော့ Risk Management မြန်မာလိုဆိုရင်တော့ စွန့်စားမှုအတွက် စီမံဆောင်ရွက်ခြင်းလို့ ခေါ်နိုင်မယ် ထင် ပါတယ်။ တကယ်တော့ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်၊ ဈေးဆိုင်ကြီးထဲမှာဖြစ်ဖြစ်၊ ကိုယ့်အိမ်ဝင်းထဲမှာဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် လူနဲ့ လူအဖွဲ့အစည်းတွေကို ထိခိုက်နာကျင်ဆုံးရှုံးစေတတ်တဲ့ အရာဝတ္ထု အန္တရာယ် အခြေအနေ စွမ်းအင် (Hazards) တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ဒါတွေဟာ ပုန်းကွယ်အိပ်ပျော်နေတဲ့ ဘီလူးကြီးတွေပါဘဲ။ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတချို့ သတ်မှတ်ထားတဲ့ (Hazards) အမျိုးအစား ၂၀ ကျော်ကို ဗဟုသုတအလို့ ငှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) ချော်လဲ၊ ထိခိုက၊် ပြတ်ရှ၊ ခါးနာ၊ ပြုတ်ကျအန္တရာယ် - Stepping, Handling, Manual Lifting and Falling (Person) Hazard (၂) စက်ယန္တရား အသုံးအဆောင် ကိရိယာတန်ဆာပလာနဲ့ထိခိုက်မိမည့် အန္တရာယ် Machinery/Equipment/hand tools Hazard (၃) ပြုတ်ကျပစ္စည်းများဖြင့် ထိခိုက်မှုအန္တရာယ် (Dropped /Fallen Objects) Potential Energy Hazard (၄) လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ် Electrical Hazard (၅) စက်ဖြင့်မရွေ့ခြင်းဆိုင်ရာအန္တရာယ် Lifting, Mechanical Hazard (၆) အဆိပ်အတောက်၊ လှိုက်စားမှုနဲ့ ဓာတုပစ္စည်းအန္တရာယ်Toxic/Corrosive/hazardous substances Hazard (၇) ဖိသိပ်အားဆိုင်ရာ အန္တရာယ် Pressure Hazard (၈) ကုန်းလမ်းပို့ ဆောင်ရေးဆိုင်ရာ အန္တရာယ် Land Transport Hazard (၉) လေကြောင်းပို့ ဆောင်ရေးဆိုင်ရာအန္တရာယ် Air Transport Hazard (၁၀) ရေကြောင်းပို့ ဆောင်ရေးဆိုင်ရာ အန္တရာယ် Water Transport Hazard (၁၁) မီးဘေးအန္တရာယ် Fire flamable Hazard (၁၂) အပူချိန်ဆိုင်ရာအန္တရာယ် Temperature Hazard (၁၃) ပေါက်ကွဲမှုဆိုင်ရာ အန္တရာယ် Explosives Hazard (၁၄) ရေဒီယိုသတ္တိကြွမှုဆိုင်ရာ အန္တရာယ် Radiation Hazard (၁၅) ရာဇ၀တ်မှု အကြမ်းဖက် လုံခြုံရေးဆိုင်ရာ အန္တရာယ် Security (Crime/Terrorism) Hazard (၁၆) သတင်းနဲ့ နည်းပညာပေါက်ကြားမှုဆိုင်ရာ အန္တရာယ် Information/Data Hazard (၁၇) ဆူညံသံဆိုင်ရာ အန္တရာယ် Nuisance/Noise Hazard (၁၈) တုန်ခါမှုဆိုင်ရာအန္တရာယ် Vibration Hazard (၁၉) မူးယစ်ဆေးဝါးနဲ့ အရက်သေစာဆိုင်ရာအန္တရာယ် Drugs/Alcohol Hazard (၂၀) သဘာဝဘေးဆိုင်ရာအန္တရာယ် Natural Phenomena Hazard (၂၁) ကူးဆက်ပြန့် ပွားရောဂါဆိုင်ရာ အန္တရာယ် Biological Hazard/Illness Hazard ဒီဆောင်းပါးမှာတော့ အစောပိုင်းမှာ ရေးပြခဲ့တဲ့ မန္တလေးဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖြစ်ပွားခဲ့တဲ့ မတော်တဆထိခိုက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ နံပါတ် (၁) အန္တရာယ်အမျိုးအစားဖြစ်တဲ့ ချော်လဲ၊ ထိခိုက်၊ ပြတ်ရှ၊ ခါးနာ၊ ပြုတ်ကျအန္တရာယ် (Stepping, Handling, Manual Lifting and Falling (Person) Hazard ) မှာပါတဲ့ အမြင့်မှ ပြုတ်ကျခြင်းအန္တရာယ် ( Falling from height Hazard) အကြောင်းဘဲ ရေးလိုက်ပါတယ်။ အခြားလုပ်ငန်းခွင် အန္တရာယ်တွေအကြောင်းကိုတော့ အလျှင်းသင့်လို့ အခြေအနေပေးရင် နောက် ဆောင်းပါး တွေမှာ ဆက်ရေးပေးသွားပါမယ်။ အမြင့်မှပြုတ်ကျခြင်းအန္တရာယ် ( Falling from height Hazard) မြေပြင်ပေါ်မှာ သမရိုးကျ လမ်းလျှောက်တာတောင် စွန့်စားမှုတခု ယူတာပါလို့ ပြောရင် စာဖတ်သူတချို့က ပိုတယ်လို့ ထင်ကြမလား မသိပါဘူး။ တကယ်တော့ ပိုပြောတာမဟုတ်ပါဘူး။ ခြေ ၂ ချောင်း သတ္တဝါဖြစ်တဲ့ ကျနော်တို့ လူသားတွေဟာ ခြေ ၄ ချောင်းသတ္တဝါတွေလောက် အခြေမခိုင်ပါဘူး။ အချိန်မရွေး ရှေ့ကို သော်၎င်း၊ နောက်ကိုသော်၎င်း လဲကျသွားနိုင်စေမဲ့ အားနည်းချက် ၂ ချက် (Two points of weakness) ရှိပါတယ်။ ဘေးနှစ်ဖက်ကို လဲကျဖို့ အခွင့်အလမ်းကတော့ နည်းပါးပါတယ်။ ဘယ်ခြေနဲ့ ညာခြေက ထောက်ကူ ထားလို့ပါဘဲ။ လမ်းကောင်းကောင်း လျှောက်တတ်ပြီး ဘယ်လောက်ကြံ့ခိုင်တဲ့သူ ဖြစ်ပါစေ။ သမရိုးကျလမ်းလျှောက်နေရင်း ချိုင့်ခွက်ကျင်းထဲ နင်းလိုက်ရင် ဖြစ်ပစေ၊ ဖိတ်ထားတဲ့ဆီအိုင်ပေါ် နင်းမိရင်ဖြစ်ပစေ ဟန်ချက်ပျက်ပြီး ပြိုလဲကျ သွားနိုင်ပါတယ်။ မြေပြင်ပေါ် လမ်းလျှောက်တာတောင် ဒီလို အန္တရာယ်ရှိသေးတာ အမြင့်ပေါ်တက် အလုပ်လုပ် ရင်တော့ ပိုဆိုးတော့တာပေါ့။ အချိန်မရွေး ဟန်ချက်ပျက်ပြီး ချော်ကျနိုင်တယ်။ အကာအရံ အဆီးအတား မလုပ်ထားရင် သတိမထားမိဘဲ မတော်တဆပြုတ်ကျပြီး ကျိုးကန်းပဲ့ရွဲ့ ယုံမက အသက်ဆုံးပါး သေကျေပျက်ဆီး နိုင်တယ်လေ။ ဒါကြောင့် အလွန်အန္တရာယ်များတဲ့ အမြင့်ပေါ်တက်လုပ်ကိုင်ရတဲ့အလုပ်တွေကို ဖွံ့ဖြိုးပြီးနိုင်ငံတခုဖြစ်တဲ့ စင်ကာပူနိုင်ငံမှာ ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတာ စာဖတ်သူတွေ သိနိုင်အောင် တင်ပြလိုက်ပါတယ်။ အမြင့်က ပြုတ်ကျပြီး ထိခိုက်သေဆုံးမှုတွေ မဖြစ်အောင် ကာကွယ်လုပ်ဆောင်ရာမှာ အုပ်ချုပ်သူအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ဦးသုံးဖလှယ်မှာ တာဝန်ကိုယ်စီ ရှိပါတယ်။ စင်ကာပူအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန (Ministry of Manpower) ဟာ လုပ်ငန်းခွင်လုံခြုံရေးနဲ့ ကျန်းမာရေးဥပဒေ ( Workplace Safety and Health Act) ထဲမှာ အမြင့်တွင် အလုပ်လုပ်ရာမှာ လိုက်နာရမဲ့ နည်းဥပဒေ ( Regulation S223 for Work At Heights ) ကို နိုင်ငံတကာ စံရည်စံညွှန်းတွေနဲ့ အညီ ရှင်းလင်း တိကျစွာ ပြဋ္ဌာန်းပေးထားတယ်။ အဲဒီနည်းဥပဒေထဲမှာ ကုမ္ပဏီ အလုပ်ရှင်တွေ၊ အုပ်ချုပ်သူတွေ အလုပ်ကြီးကြပ်သူတွေ၊ အလုပ်သမားတွေ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းစည်းမျည်းစည်းကမ်းတွေ၊ မလိုက်နာရင် ကျခံရမဲ့ ပြစ်ဒဏ်ကြေးတွေလည်း တိတိ ကျကျ ပါဝင်ပါတယ်။ အမြင့်မှာ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်ချက်တွေ ဖြစ်တဲ့ အမြင့်မှ ပြုတ်မကျ ရေး အစီအမံပြင်ဆင်ချက်မှတ်တမ်း (Fall Prevention Plan)၊ အလုပ်သမားတွေ၊ အုပ်ချုပ်သူတွေ၊ အလုပ်ကြီး ကြပ်သူတွေအတွက် သက်ဆိုင်ရာ လုံလောက်တဲ့ အမြင့်အန္တရာယ် ကာကွယ်ရေး သင်တန်းလေ့ကျင့်ခန်းပေးဖို့ လိုအပ်ချက်တွေ၊ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ဖို့ လက်ရမ်း အဆီးအတား၊ အကာအကွယ်နဲ့ အဖုံးအအုပ်တွေ ကောင်းမွန်စွာ တပ်ဆင်ရမှာတွေ၊ အမြင့်မှာ အလုပ်လုပ်ခွင့်ပါမစ် (permit-to-work) စနစ်ကို အသုံးပြုဖို့တွေ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် မတော်တဆအမြင့်က ပြုတ်ကျခဲ့ရင်တောင် လူကို မြေကြီးနဲ့ မရိုက်မိခင် ဖမ်းထိန်းပေးထားနိုင်မဲ့စနစ်နဲ့ အသက်ကယ်ပိုက်ကွန်၊ အသက်ကယ်ကိုယ်ပတ်ကြိုး (Fall Arresting System , Safety Net & Full Body Harness) လိုအပ်ချက်တွေလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် စင်္ကာပူမှာ ၃ မီတာ အမြင့်ပေါ်က ပြုတ်ကျနိုင်တဲ့ အလုပ်မှန်သမျှ အမြင့်မှာ အလုပ်လုပ်ခွင့် (permit-to-work) လျှောက်ပြီး ကုမ္ပဏီက ခန့်ထားတဲ့ လက်မှတ်ရ အမြင့်အန္တရာယ်စစ်ဆေးရေးတာဝန်ခံ ( Working at height safety assessor) ရဲ့လက်ခံအတည်ပြုချက်နဲ့ အတူ၊ အုပ်ချုပ်ရေးတာဝန်ခံ (Manager) ရဲ့ ခွင့်ပြုချက်ရမှသာ အမြင့်မှာ အလုပ်လုပ်ခွင့် ရှိတာပါ။ အမြင့်တွင် အလုပ်လုပ်ခြင်းဆိုင်ရာ နည်းဥပဒေ (Regulation S223) ထဲမှာပါတဲ့ လိုက်နာရမဲ့ လိုအပ်ချက်တွေရဲ့ အသေးစိတ်အချက်လက်တွေကိုတော့ လုပ်ထုံးလုပ်နည်းများ ( Code of Practices ) နဲ့ စင်ကာပူ စံရည်စံညွှန်း ( Singapore Standards - Specification ) တွေကို အောက်ပါအတိုင်း ပြဋ္ဌာန်းပေး ထားတယ်။ (၁) အမြင့်တွင် အလုပ်လုပ်ရာမှာ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းများ (Code of Practice for Working Safely at Heights) (၂) သတ္တုငြမ်းဆိုင်ရာ အချက်အလက်အသေးစိပ် (Standard SS 280 : Specification for metal scaffoldings.) (၃) သတ္တုငြမ်းဆင်ရာတွင် အသုံးပြုသော သံပိုက်လုံးနဲ့ တွဲချိတ်ပစ္စည်း ဆိုင်ရာအချက်အလက်အသေးစိပ် (Standard SS 311 : Specification for steel tubes and fittings used in tubular scaffolding.) (၄) လူကို မြေကြီးနဲ့ မရိုက်မိခင် ဖမ်းထိမ်းပေးထားနိုင်မဲ့စနစ် ဆိုင်ရာအချက်အလက်အသေးစိပ် (Standard SS 528 : Specification for personal fall-arrest systems) (၅) အမြင့်မှ ပြုတ်ကျသော် ထိခိုက်ဒဏ်ရာ မပြင်းထန်စေရန် အကာအကွယ်ပေးမည့် ကိရိယာပစ္စည်းများဆိုင်ရာ အချက်အလက် အသေးစိပ် (Standard SS 570 : Specification for personal protective equipment for protection against falls from a height.) (၆) သမရိုးကျ ငြမ်းဆင်ခြင်းဆိုင်ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (Standard SS CP14 : Code of Practice for scaffolds.) (၇) တွဲလောင်းဆွဲ ငြမ်းဆင်ခြင်းဆိုင်ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (Standard SS CP20 : Code of practice for suspended scaffolds.) (၈) ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများ (Standard SS CP79 : Code of practice for safety management system for construction worksites.) ဆိုချင်တာက အစိုးရတရပ်ဟာ ပြဋ္ဌာန်းသင့်ပြဋ္ဌာန်းအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံရည် စံညွှန်းတွေကို၊ တာဝန်ဝတ္တရားတွေ၊ ပြစ်ဒဏ်တွေကို ရှင်းရှင်းလင်းလင်းတိတိကျကျ ပြဋ္ဌာန်းပေးဖို့ တာဝန်ရှိ သလို၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ မလိုက်နာဘဲ မနေရအောင် ပုံမှန်စာရင်းစစ်တာတို့၊ ရှောင်တခင်စစ်ဆေး ရေးဝင်တာတို့စတဲ့ စောင့်ကြပ်ထိန်းကွပ်ပေးမဲ့စနစ်တွေကို အဂတိမလိုက်စားစေဘဲ ထိထိရောက်ရောက် အသက်ဝင် နေအောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ အချုပ်အခြာအာဏာ ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုအာဏာနဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းမယ်၊ အုပ်ချုပ်ရေးအာဏာနဲ့ အဲဒီဥပဒေနဲ့ နည်းဥပဒေတွေ အသက်ဝင်အောင် စီမံခန့်ခွဲမယ်၊ တရားစီရင်ရေး အာဏာနဲ့ အဲဒီဥပဒေတွေကို မလိုက်နာဘဲ ချိုးဖောက်တဲ့ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို အရေးယူပြီး တရားဥပဒေ စိုးမိုးအောင်လုပ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်အန္တရာယ်ဆိုတဲ့ ဘီလူးကြီးတွေ လွယ်လွယ်နဲ့ နိုးထလာမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုမှ မဟုတ်ဘဲ အုပ်ချုပ်တဲ့အစိုးရက သူလုပ်ရမဲ့တာဝန် မကျေပွန်လို့ ဥပဒေ၊ နည်းဥပဒေ မရှိ၊ ဒါမှမဟုတ် လုံလောက်တဲ့ဥပဒေ မရှိတဲ့အပြင် အုပ်ချုပ်ပုံလည်း မနိုင်နင်း၊ အဂတိလိုက်စားမှုတွေလည်း မနှိမ်နင်းလို့ တရားဥပဒေ မစိုးမိုးဘူးဆိုရင် အန္တရာယ်ကောင်ဘီလူးကြီးတွေ ခဏခဏ နိုးထလာပြီး ပြည်သူပြည်သား၊ အလုပ်သမားနဲ့ လယ်သမားတွေခမျာ ထပ်တလဲလဲ ဂုတ်ချိုးစားသောက်တာခံရမှာ အသေအချာပါဘဲ။ မြန်မာနိုင်ငံမှာ ဈေးထဲ၊ အလုပ်နဲ့ အိမ်မှာ ဓာတ်ကျိုးပြတ်ကျလို့ ဖြစ်စေ၊ မတော်တဆဓာတ်လိုက်လို့ဖြစ်စေ မသေသင့်ဘဲ သေရတဲ့လူ ဘယ်လောက်ရှိနေပါပြီလဲ။ ဒီဆောင်းပါးရဲ့ အစပိုင်းမှာရေးခဲ့တဲ့ မတော်တဆမှုတွေကို ပြန်ကောက်ရရင် ရေပိုက်ဆင်လုပ်သားကြီး ဦးသောင်းမြင့် တိုက်ပေါ်က ပြုတ်ကျသေဆုံးရတဲ့ဖြစ်စဉ်ကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်မယ်ဆိုရင် အောက်ပါမေးခွန်းလေးတွေ မေးကြည့်လိုက်ပါ။ ၁) သေဆုံးသူဦးသောင်းမြင့်ဟာ ပြုတ်ကျစဉ်မှာ အသက်ကယ်ကိုယ်ပတ်ကြိုး ဝတ်ဆင်ထားပါသလား ၂) အမြင့်မှာအလုပ်လုပ်ခွင့် (permit-to-work) နဲ့ လုပ်ခဲ့တာလား။ ၃) သူအလုပ်လုပ်နေတဲ့ တိုက်အပေါ်ထပ်အစွန်းတွေမှာ ပြုတ်မကျအောင် အလုပ်ရှင်က အတားအဆီးတွေ စီမံထားသလား၊ အတားအဆီးမလုပ်ထားခဲ့ရင် ဘာကြောင့်လဲ နည်းဥပဒေလုပ်ထုံးလုပ်နည်း မပြဋ္ဌာန်းထားလို့လား။ ၄) သေဆုံးသူဦးသောင်းမြင့်ဟာ အမြင့်မှာအလုပ်လုပ်ရင် ကြုံနိုင်တဲ့အန္တရာယ်တွေနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းသင်တန်းတွေ တက်ဖူးသလား။ ၅) အလုပ်ရှင်ဟာ ပြုတ်ကျနိုင်တဲ့နေရာ အောက်မှာ မြေနဲ့ မရိုက်ခင် လူကို ဆီးဖမ်းထားမဲ့ အသက်ကယ်ပိုက်ဆင် ပေးထားသလား၊ ဆင်ပေးမထားခဲ့ရင် ဘာကြောင့်လဲ အစိုးရက နည်းဥပဒေ လုပ်ထုံးလုပ်နည်း မပြဋ္ဌာန်းထားလို့လား။ စသည်ဖြင့်မေးခွန်းပေါင်းများစွာမေးမယ်ဆိုရင် ရလာမဲ့အဖြေဟာ အနုတ်လက္ခဏာတွေဘဲ များနေမှာပါ။ အဲ့ဒီလိုဘဲ ကွန်ကရစ်လောင်းနေတုန်း သံငြမ်းပြိုကျတဲ့ဖြစ်စဉ်ကို အောက်ပ မေးခွန်းလေးတွေ မေးကြည့်လိုက်ပါ။ ၁) သံငြမ်းမှာသုံးတဲ့ သံပိုက်လုံးတွေနဲ့ ပိုက်ဆက်တွေ၊ ဆင်နည်းတွေအတွက် စံရည်စံညွှန်း သတ်မှတ်ချက် ရှိသလား။ ၂) ပြိုကျခဲ့တဲ့ သံငြမ်းကို တပ်ဆင်တဲ့အဖွဲ့ဟာ လက်မှတ်ရ ကျွမ်းကျင်သူတွေဖြစ်သလား။ သံငြမ်းတပ်ဆင်ခွင့် (permit-to-work) နဲ့ ဆင်ခဲ့တာလား။ ၃) ပြိုကျခဲ့တဲ့ သံငြမ်းမှာသုံးတဲ့ သံပိုက်လုံးတွေ ပိုက်ဆက်တွေဟာ သတ်မှတ်ချက် အရည်အသွေးမှီသလား။ ၄) ပြိုကျခဲ့တဲ့ သံငြမ်းဟာ သုံးဆွဲဖို့ လုံခြုံစိတ်ချရကြောင်း၊ စစ်ဆေးပြီးကြောင်း အသိပေးစာကပ်ထားသလား။ ၅) သံငြမ်းတွေအောက်မှာ အလုပ်လုပ်နေသူတွေဟာ အသက်ကာကွယ်ပေးမဲ့ ခေါင်းဆောင်း၊ သံစွတ်ကာ ဘွတ်ဖိနပ် စတာတွေ ဝတ်ဆင်ထားသလား။ စသည်ဖြင့်မေးခွန်းပေါင်းများစွာမေးမယ်ဆိုရင်လည်း ရလာမဲ့အဖြေဟာ အနုတ်လက္ခဏာတွေဘဲ များနေမှာပါ။ နောက်ထပ်အရေးကြီးတဲ့အချက်က လုပ်ငန်းခွင် မတော်တဆထိခိုက်မှုတွေကနေ ဒဏ်ရာရ ဒုက္ခိတဖြစ် သေဆုံးရသူတွေ အတွက် နစ်နာကြေး ကိစ္စပါဘဲ။ တိုက်အမြင့်ပေါ်ကပြုတ်ကျသေဆုံးခဲ့ရတဲ့ ဦးသောင်းမြင့်နဲ့ သံငြမ်းပြိုကျလို့ ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရတဲ့ ကိုဆန်းမြင်အောင်တို့အတွက် လုပ်ငန်းခွင်ထိခိုက်မှု နစ်နာကြေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ ဘယ်လောက်ခံစားခွင့်ရှိမလဲ ဆိုတာ စာရေးသူ မသိပါဘူး။ ဒါပေမဲ့ စင်ကာပူနိုင်ငံမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အလုပ်သမားနစ်နာကြေးရပိုင်ခွင့်ဥပဒေ (Work Injury Compensation Act) အရ တွက်ချက်ပုံကို စာဖတ်သူတို့ သိနိုင်အောင် ထည့်ရေးလိုက်ပါတယ်။ - For Permanent Incapacity, the maximum is $218,000 x [% loss of earning capacity] + a further 25% if you suffer permanent total incapacity (i.e. You suffered 100% loss of earning capacity). - For death, the compensation amount payable to your dependents is subject to a maximum of $170,000. အထက်ပါ စင်ကာပူနိုင်ငံရဲ့ လုပ်ငန်းခွင်ထိခိုက်မှု နစ်နာကြေးဥပဒေ အတိုင်းဆိုရင် ခြေ ၂ ချောင်းလုံး ပြတ်သွားတဲ့ လက်သမားလေး ကိုဆန်းမြင့်အောင်ဟာ အများဆုံး မြန်မာကျပ်ငွေသိန်းပေါင်း ၁၉၀၀ ကျော်ဖိုး လျော်ကြေး ရသင့်ပါတယ် (ဥပဒေအရ Permanent Incapacity ကို ၁၀၀%လို့ ယူပါတယ်) ။ လျော်ကြေးတွက်ချက်ပုံ (စင်ကာပူဒေါ်လာ) : ၂၁၈,၀၀၀ X ၁ (PI : ၁၀၀% ) + (.၂၅ x၂၁၈,၀၀၀) = ၂၁၈,၀၀၀.၀၀ + ၅၄,၅၀၀ = ၂၇၂,၅၀၀ လက်ရှိ ငွေကြေးလဲလှယ်နှုန်း : စင်ကာပူ ၁ ဒေါ်လာ = မြန်မာကျပ် ၈၈၀ ၂၇၂,၅၀၀.၀၀ x ၈၈၀ = ၁၉၁,၈၉၄,၅၀၀.၀၀ မြန်မာငွေကျပ် (သိန်းပေါင်း ၁၉၀၀ ကျော်) အသက်ဆုံးပါးခဲ့ရတဲ့ ရေပိုက်ဆင်လုပ်သား ဦးသောင်းမြင့်ရဲ့ မိသားစုကတော့ အများဆုံးမြန်မာကျပ်ငွေ သိန်းပေါင်း ၁၄၉၀ ကျော်ရသင့်ပါတယ်။ လျော်ကြေးတွက်ချက်ပုံ (စင်ကာပူဒေါ်လာ) : ၁၇၀,၀၀၀.၀၀ x ၈၈၀ = ၁၄၉,၆၀၀,၀၀၀.၀၀ မြန်မာငွေကျပ် (သိန်းပေါင်း ၁၄၉၀ ကျော်) ဒီဆောင်းပါးကို နိဂုံးသတ်ရရင် အိပ်ပျော်နေတဲ့ လုပ်ငန်းခွင်အန္တရာယ် ဘီလူးကြီးတွေ မနိုးထလာစေဖို့ တာဝန်ဟာ အုပ်ချုပ်သူအစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ၃ ဦး သုံးဖလှယ်အပေါ်မှာ သူ့အပိုင်းနဲ့ သူ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။ အုပ်ချုပ်တဲ့အစိုးရကလည်း သူ့တာဝန် သူကျေပွန်အောင်ထမ်းရွက်ဖို့လိုပါတယ်။ ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတကာအဆင့်မှီပြဋ္ဌာန်းယုံတင်မက အဲ့ဒါတွေ အသက်ဝင်နေအောင် ကောင်းမွန်စွာ စီမံဆောင်ရွက်ရမယ်။ ချိုးဖောက်မှုတွေရှိရင်လည်း အဂတိကင်းရှင်းစွာ အရေးယူနိုင်ရမှာ ဖြစ်သလို အလုပ်သမားနဲ့ အလုပ်ရှင်ကိုပါ ဥပဒေအကာအကွယ်ပေးနိုင်ရမယ်။ ထိခိုက်ဒဏ်ရာရသ၊ူ ဒုက္ခိတ ဘဝရောက်နစ်နာရသူတွေ၊ အသက်ဆုံးရှုံးသူတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးတွေရဖို့ အုပ်ချုပ်စီမံနိုင်ရမယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေအပိုင်းကလည်း လိုက်နာရမဲ့လုပ်ငန်းခွင်စည်းကမ်း၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းတွေကို သိရှိလိုက်နာဖို့ တာဝန်ရှိသလို၊ လုပ်ငန်းခွင်အန္တရာယ်တွေ သိရှိအောင် ကိုယ်တိုင် ကြိုးစားဖို့ လိုသလို၊ မသိသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သိလာအောင် အတွေ့အကြုံတွေမျှဝေပြီး အချင်းချင်း အပြန် အလှန် စောင့်ရှောက်ကြဖို့ လိုတယ်။ လူပေါင်းများစွာနဲ့ လုပ်ရတဲ့ လုပ်ငန်းခွင်တိုင်းမှာ တခြားလူတယောက်ရဲ့ အမှုမဲ့အမှတ်မဲ့ မှားယွင်း လုပ်ဆောင်နေတာကို မှားမှန်းသိနေတဲ့ တခြားလူတယောက်ဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ဆိုပြီး လှစ်လှူရှုလိုက်မှုဟာ လျှစ် လျူရှု့သူအပါအဝင် အခြားလူပေါင်းများစွာအသက်ကိုပါ နုတ်ယူဖျက်ဆီးသွားနိုင်တာကို အသည်းထဲစွဲလို့ မှတ်ထားစေချင်ပါတယ်။ မင်းကောင်းချစ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024