A d v e r t i s e m e n t With Us

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၉ ဒသမ ၇ ဘီလီယံ ရှိလာမည်

အိန္ဒိယနိုင်ငံရှိ မွေးကင်းစ ကလေးငယ်များ။
ကမ္ဘာ့လူဦးရေဟာ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ၉ ဒသမ ၇ ဘီလီယံ ရှိလာမှာဖြစ်ပြီး အိန္ဒိယနိုင်ငံကတော့ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေ တိုးတက်မှု အစီရင်ခံစာတစောင်က ထုတ်ပြန်ပါတယ်။ ဒါဟာ ၃၅ နှစ်အတွင်းမှာ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄ ဘီလီယံ တိုးလာတာဖြစ်ပြီး လာမယ့် ၂၁၀၀ ပြည့်နှစ်ရောက်ရင် ၁၁ ဒသမ ၂ ဘီလီယံထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၅၀ ခုနှစ်အတွင်းမှာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ကွန်ဂို၊ အီသီယိုးပီးယား၊ တန်ဇန်းနီးယား၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒိုနီးရှားနဲ့ ယူဂန်ဒါနိုင်ငံတွေရဲ့ လူဦးရေတိုးနှုန်း ထက်ဝက်တိုးလာမယ်လို့ Scotsman သတင်းမှာဖော်ပြပါတယ်။ ၂၀၂၂ ခုနှစ် ၀န်းကျင်မှာ အိန္ဒိယနိုင်ငံလူဦးရေဟာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံကတော့ ၂၀၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံလူဦးရေထက် ပိုလာမယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာဌာနက လူဦးရေဆိုင်ရာဒါရိုက်တာ ဂျွန်ဝီးလ်မောင့်က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတချို့မှာ မွေးနှုန်းမြင့်နေတာက ပြဿနာတွေဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ “အဲဒီနိုင်ငံတွေမှာ လူဦးရေတိုးနှုန်း မြင့်လာတာဟာ ဆင်းရဲမွဲတေမှု၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေ အားလုံးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံလာရနိုင်ပြီး   စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်လာဖို့ အကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။” ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေတိုးတက်မှု အစီရင်ခံစာအရ အသက် ၆၀ အထက်လူဦးရေဟာ ၂၀၅၀ ပြည့်နှစ်မှာ ၂ ဆ ရှိလာနိုင်ပြီး ၂၁၀၀ ပြည့်နှစ်မှာတော့ ၃ ဆရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံတွေမှာတော့ မွေးနှုန်း ကျဆင်းလာပြီး သက်တမ်းရှည်ရှည် နေနိုင်လာမှုကြောင့် လာမယ့် ၃၅ နှစ်အတွင်းမှာ အသက် ၆၀ အထက်လူဦးရေဟာ ၃၄ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up