ဒေါ်လာဈေးကျဆင်းမှုရဲ့ အကျိုးဆက် ဘာတွေဖြစ်နိုင်သလဲ
အေးနိုင်
·
June 9, 2011
ရန်ကုန်မှာ အမေရိကန်ဒေါ်လာဈေးဟာ ကျပ် ၇၅၀ နှုန်း ရောက်တဲ့အထိ ကျနေပြီး ဈေးထပ်ကျရိပ်ရှိတယ်လို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်နေကြပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘတ်ငွေနဲ့ လဲနှုန်းဆိုရင်လည်း အရင်နှစ်ထက် ထပ်ကျသွားပါတယ်။ ထိုင်းကနေ မြန်မာပြည်ကို ငွေလွှဲနှုန်းဆိုရင်လည်း အရင်လထက် ဘတ် ၂၀၀ ကျော် တက်သွားပြီး ကျပ်တသိန်းကို ဘတ် ၃၉၅၀ အထိ ဖြစ်လာပါတယ်။ မနှစ်ကဆိုရင် ငွေလွှဲနှုန်းက ကျပ်တသိန်းကို ဘတ် ပျမ်းမျှ ၃၅၀၀ လောက် ရှိခဲ့တာပါ။
ဒေါ်လာဈေးကျတာဟာ မြန်မာကျပ်ငွေ ဈေးတက်လာတာပါလား၊ အကြောင်းရင်းတွေနဲ့ အကျိုးဆက်တွေက ဘာတွေ ဖြစ်နိုင်ပါသလဲ။ ဒါတွေကို သိရအောင် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။
“ဒေါ်လာငွေတန်ဖိုးကျတာတော့ ပုံမှန်အတိုင်း သူ့ဖြစ်စဉ်အတိုင်းဆိုရင်တော့ နိုင်ငံခြားက တင်သွင်းတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကျဖို့ကောင်းတာပေါ့။ ဒေါ်လာငွေဈေးကျတဲ့အတွက် ပြည်ပကို ပစ္စည်းပို့တဲ့လုပ်ငန်းရှင်တွေ သူတို့ကတော့ ထိခိုက်တာပေါ့။ ကုန်ကျထားတာ ကျပ်နဲ့ ကုန်ကျထားတယ်။ ဒေါ်လာရတဲ့ဟာကို ကျပ်ပြောင်းတဲ့အခါကျတော့ ကျပ်နဲ့ပြောင်းလို့ရတဲ့ငွေက လျော့သွားတယ်။”
ဆန်စပါးတင်ပို့မှုအပေါ်မှာ ဝင်ငွေကျဆင်းမှု ဖြစ်ပေါ်စေတယ်ဆိုတော့ လယ်သမားတွေအပေါ်ကော ဘယ်လိုမျိုးထိခိုက်နိုင်သလဲ။
“လယ်သမားတွေအပေါ်လည်းပဲ လယ်ယာထွက်တဲ့ စပါးတို့ဘာတို့ နိုင်ငံခြားပို့တယ်။ နိုင်ငံခြားပို့ကုန်က ရတဲ့ငွေ လျော့တယ်။ လျော့တော့ ကုန်သည်တွေကနေ ပြည်ပပို့ကုန် အရမ်းကျမယ်ဆိုတော့ ဒီပြည်တွင်းမှာလည်း လယ်သမားတွေကို ရောင်ပြန်ဟပ်ထိခိုက်မှာပေါ့။”
ပဲတင်ပို့မှုတွေကော အထည်ချုပ်လုပ်ငန်းကော ဒေါ်လာငွေဈေး ကျတာကြောင့် ဘယ်လိုမျိုး ကုစားဖို့အတွက် ပြင်နေတာ တွေ့ရပါသလဲ။ ဘာတွေ ကုစားဖို့ လိုပါသလဲ။
“ဒေါ်လာနောက် လူတွေလိုက်ရင်တော့ ဒေါ်လာဈေးက မြင့်သွားမှာပေါ့လေ။ ဒေါ်လာနောက်ကို လိုက်ဖိုဆိုတာကလည်းပဲ တဦးချင်း တယောက်ချင်း အနေနဲ့ကတော့ ဘာမှ လုပ်နိုင်တာ မဟုတ်ဘူးလေ။ အာဏာပိုင် အဖွဲ့အစည်းကနေပြီးတော့ နိုင်ငံတော်ကနေပြီးတော့ ဝင်စွက်ရင်တော့ ရမယ်ပေါ့။ နောက်ပြီးတော့လည်းပဲ ဒေါ်လာဈေး တက်အောင် လုပ်တာကလည်းပဲ တကယ့် တကယ်တော့ တိုင်းပြည်အနေနဲ့ ကြည့်ရင်လို့ရှိရင်တော့ ထိခိုက်တာတွေတော့ ထိခိုက်တယ်ပေါ့လေ။ သို့သော် ဒေါ်လာဈေး တက်သွားတယ် ဆိုရင်လည်းပဲ ပြည်တွင်းမှာ ဈေးနှုန်းတွေ ဘာတွေလည်း တက်သွားနိုင်ပါတယ်။”
အခု ကျနော် ဒီမှာ တွေ့ရသလောက်ကတော့ ဒေါ်လာဈေးက ကျပြီးတော့ ကုန်ဈေးနှုန်းကျတော့ မကျဘူး။
“ဟုတ်တယ် မှန်တယ် အဲဒီဥစ္စာ၊ တမြန်နေ့က ကျနော် ဆံပင်သွားညှပ်တယ် ပုံမှန်က ဆံပင်ညှပ်ခ ၅၀၀ ပေးရတယ်။ တနေ့ကကျတော့ ဆံပင်ညှပ်ခ ၇၀၀ တောင် ယူပါတယ်။ သဘောက တဖက်က ဒေါ်လာနဲ့ မြန်မာငွေနဲ့ တန်ဖိုး ကြည့်လိုက်လို့ရှိရင် ဒေါ်လာရဲ့ ဈေးကျတယ်ဆိုတော့ မြန်မာငွေ တန်ဖိုးက တက်တဲ့ သဘောပေါ့လေ။ သို့သော်လည်းပဲ တကယ့်တကယ်တော့ ဗမာပြည်မှာကတော့ ဈေးနှုန်းတွေက မကျဘူး။ ဈေးတောင် တက်သွားတာ ရှိသေးတယ်ပေါ့။”
ပြီးခဲ့တဲ့ မတ်လတုန်းက ကျောက်မျက်တွေ ချရောင်းတာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၀၀၀ ဖိုး ရောင်းရတယ်ဆိုတော့ အခု အဲဒီနောက်ပိုင်းမှာ ဒေါ်လာဈေးက တအားထိုးကျလာတယ်ပေါ့နော်။ အခု ၇၅၀ ဝန်းကျင်လောက်ပဲ ရှိတယ်ဆိုတော့ ကျောက်မျက်ရောင်းဖို့က ဇူလိုင်ကျလို့ရှိရင် ပြန်ရောင်းဦးမယ်ပေါ့နော်။ ဒီ ဒေါ်လာတွေ ထပ်ဝင်လာဦးမယ့် သဘောပေါ့။
“ဒေါ်လာကတော့ ဝင်တာကတော့ ဝင်နေကျပဲလေ။ ကျောက်မျက်ရောင်းတာက အခုမှ ရောင်းတာမှ မဟုတ်တာ။ ထိုနည်းတူပဲ ဂတ်စ်ရောင်းတာကလည်း အခုမှ ရောင်းတာမှ မဟုတ်တာ။ အခုကျတော့မှ ကျောက်မျက်ရောင်းတာကြောင့် ဆိုပြီးတော့ ဒေါ်လာဈေး ကျတယ်ဆိုရင် အရင်တုန်းကတော့ ကျောက်မျက်ရောင်းတဲ့ ကြားထဲကနေ ပြီးတော့ ဒေါ်လာအသုံးလိုမယ့် ဖြစ်တဲ့ ကိစ္စမျိုးတွေ ရှိမှာပေါ့လေ။ နောက်ပြီးတော့လည်းပဲ တချို့အဖွဲ့အစည်းတွေကနေ ပြီးတော့ ဒေါ်လာနောက် လိုက်တာမျိုးတွေ ရှိမှာပေါ့လေ။ နောက် ဒီကျောက်မျက်ရောင်းလို့ ရတဲ့ ငွေဆိုတာကလည်းပဲ အမှန်ကတော့ ပုဂ္ဂလိက လက်ထဲမှာ ရှိတာမဟုတ်ဘူး။ နိုင်ငံတော် လက်ထဲ ရှိတာပဲ။ နိုင်ငံတော်ကနေပြီးတော့ ဟိုတုန်းကလည်း ရလာခဲ့တာ အခုလည်း ရလာခဲ့တာပဲ။ သို့သော်လည်းပဲ ဟိုတုန်းကတော့ ဒေါ်လာနောက် လိုက်တာမျိုး ရှိပြီးတော့ အခုကျတော့ ဒေါ်လာနောက် လိုက်တာမျိုး နည်းသွားလို့ ဖြစ်မှာပေါ့။ အရင်တုန်းကဆိုရင် အချို့ကိစ္စရပ်တွေက ဒေါ်လာနဲ့ ပေးရတယ်။ အခုကျတော့ အဲဒါတွေလည်း လျှော့ပေါ့ပြီးတော့ ဒေါ်လာနဲ့ ပေးစရာမလိုဘဲနဲ့ ကျပ်နဲ့ပဲ ပေးရတော့တယ် ဆိုတဲ့ ဟာမျိုးလည်း ရှိတာပေါ့။ အဲဒါလည်းပဲ ဒေါ်လာဈေး နိမ့်တဲ့အထဲမှာ အကြောင်းတရား ပါမယ်ပေါ့။”
အဲဒီတော့ ရေရှည် ဒီထက် ထိုးကျမယ် ဆိုလို့ရှိရင် အခြေခံလူတန်းစားတွေ အတွက် ဘယ်လောက်အထိအောင် သက်ရောက်မှုတွေ ဖြစ်နိုင်ပါသလဲ။
“အမှန်ကတော့ ဒေါ်လာဈေးကျတယ်ဆိုရင် သဘောတရားအတိုင်း သွားမယ် ဆိုရင်တော့ ဒေါ်လာဈေးကျတယ် ပြည်ပကနေ တင်သွင်းတဲ့ ပစ္စည်းတွေရဲ့ ဈေးလည်းပဲ ကျပ်သဘောနဲ့ ကျတယ်ဆိုရင် ထိခိုက်တာလည်းရှိတယ်။ ကောင်းတာလည်း ရှိတယ်ပေါ့လေ။ အမှန်ကတော့ ဒေါ်လာက မူလက ရှိနေတာဗျာ။ ဒေါ်လာ အရင်တုန်းက ၃၁၀-၃၇၅ ကျပ်နဲ့တောင် ရှိလာခဲ့သေးတာပဲ။ တဖြည်းဖြည်း တက်လာတယ်။ တက်လိုက် ကျလိုက် ဆိုတဲ့ဥစ္စာကတော့ အရမ်းကြီးပေါ့လေ စိုးရိမ်ဖို့ မရှိဘူးနဲ့တူပါတယ်။ တဖက်က ကောင်းတာလည်း ရှိတာပဲ မကောင်းတာလည်း ရှိတာပဲ။”
စီးပွားရေးပညာရှင်တွေ လုပ်ငန်းသမားတွေ ပြောတာက ဒီ အစိုးရသစ် လက်ထက်မှာ ကုန်သွယ်ရေးမှုဝါဒနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ လုပ်နေတာတော့ တွေ့ရတယ်။ ဒါပေမယ့် မူဝါဒပြောင်းလဲရုံတင် မရဘူး ငွေကျေးလဲလှယ် နှုန်းထားကိုပါ ပြောင်းရမယ် ဆိုတဲ့ သုံးသပ်ချက်တွေ ပေါ်ထွက်ပါတယ်။ ငွေကြေးမူဝါဒနဲ့ ပတ်သက်လို့ ဆရာအမြင်က ဘယ်လို ရှိပါသလဲ။
“ငွေကြေးမူဝါဒနဲ့ ပတ်သက်လို့က လောလောဆယ်အားဖြင့်လည်းပဲ နှုန်းသတ်မှတ်ထားတာ ရှိတာပဲ။ ၁ ဒေါ်လာကို ၆ ကျပ်ပေါ့လေ။ သို့သော် အဲဒီ နှုန်းသတ်မှတ်ချက်ကတော့ တကယ့်အဖြစ်မှန်နဲ့ အင်မတန်မှာ ကွာဟနေတော့ ဒီ နှုန်းသတ်မှတ်ချက်ကို ဘယ်သူမှလည်း ထည့်ပြီးတော့ မတွက်ဘူး။ မတွက်တော့ စီးပွားရေးအပေါ်မှာပေါ့လေ ဘာမှ လာပြီးတော့ ရိုက်ခတ်မှု မရှိဘူးပေါ့လေ။ အဲဒီတော့ အခု ဒီလိုပဲ ဒေါ်လာဈေးကို ဥပမာ အစိုးရကနေပြီးတော့ ၇၀၀ သတ်မှတ်မယ် ၇၅၀ သတ်မှတ်မယ် ဆိုလည်း သတ်မှတ်တာက ဒါ စီးပွားရေးလောကမှာ အမိန့်နဲ့သွားတဲ့ ပုံစံမျိုး။ အမိန့်နဲ့ သွားတာကတော့ တကယ်ကျရင်တော့ သူ့ စီးပွားရေးအင်အားစုက သူ့ ဝယ်လိုအား ရောင်းလိုအားနဲ့ သွားမှာပဲ။ အမိန့်ပေးလို့ ရမှာမဟုတ်ဘူးလို့ ထင်တယ်။ သို့သော်လည်းပဲ အခုကျတော့ ဒေါ်လာဈေးကို အဲဒီလိုပဲ အစိုးရကနေပြီးတော့ တကယ်ဖြစ်ပျက်တဲ့ နည်းနဲ့ နီးနီးစပ်စပ် အမိန့်ပေးလိုက်တယ် ဆိုရင်တော့ ဈေးက တက်နေကျ တက်တတ်တယ်ပေါ့လေ။ အဲဒီတော့ အစိုးရက အခုဟာကတော့ ၇၀၀၊ ၇၅၀ သတ်မှတ်မယ် ဆိုရင် တကယ် ဖြစ်နေတဲ့ နှုန်းနဲ့ သိပ်ပြီးတော့ မကွာဘူး။ သိပ်မကွာတော့ သူကလည်း နည်းနည်း အရာဝင်လာမှာပေါ့။ လူတွေ ထည့်တွက်လာမှာပေါ့။ လူတွေထည့်တွက်လာတဲ့ အခါမျိုးကျရင်တော့ ပြီးခဲ့တဲ့ အတွေ့အကြုံသစ် ကိစ္စရပ်အတွက်ကတော့ အစိုးရကနေပြီးတော့ အဲဒီလို ဈေးနှုန်း သတ်မှတ်လိုက်တယ်ဆိုရင် တကယ့်ဈေးက အဲဒါနဲ့ အများကြီး ထိုးတက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ရွှေနဲ့ယှဉ်ပြီး နမူနာ ပြောတာပါ။ ရွှေ သူ့ဟာနဲ့သူ ရှိနေတယ်။ ၁ သိန်းခွဲ ၂ သိန်း စသည်အားဖြင့် ရှိနေတယ်။ အစိုးရကနေ ဝင်ပြီးတော့ ဘယ်လောက်ဈေး သတ်မှတ်တယ်ဆိုတော့ ရွှေဈေးက တက်သွားတာမျိုးပေါ့။ သို့သော်လည်းပဲ ဘာပြောပြော အစိုးရက သတ်မှတ်တယ်ဆိုတာက လူတွေရဲ့ ဆိုင်ကိုပေါ့။ အဲဒီအပေါ်မှာတော့ ထင်ဟပ်မှု ရှိပါတယ်။ ခေတ်အပေါ်မှာ ထင်ဟပ်မှုရှိပြီးတော့ အရင်တုန်းကတော့ ရှိဘူးလားဆိုတော့ အရင်တုန်းကတော့ မရှိဖူးဘူး။ ဘာကြောင့်လည်းဆိုတော့ သတ်မှတ်တဲ့နှုန်းနဲ့ တကယ့်လက်တွေ့နှုန်းက မိုးနဲ့မြေလို ကွာခြားနေတော့ဘာမှ အရာမဝင်ဘူး။ ဘယ်သူမှလည်း ထည့်မစဉ်းစားဘူး။ ဘယ်သူမှလည်း ထည့်မတွက်ဘူး။ တကယ်လုပ်ငန်းလုပ်ကိုင်တဲ့ လောကမှာ ပြောတာ။ အခုကျတော့ နီးနီးစပ်စပ် ထည့်ပြီးတော့ သတ်မှတ်ချက်သည် တကယ်ဖြစ်ရပ်နဲ့ သိပ်မကွာဘူးဆိုရင် သူ့ကိုထည့်တွက်လာတယ်ဆိုရင်တော့ သက်ရောက်မှုတော့ ရှိနိုင်ပါတယ်။
ဒေါ်လာငွေရဲ့ ထိုးစိုက်ကျဆင်းမှုဟာ ရွေးကောက်ပွဲအပြီး အစိုးရလက်ထက်မှာ ဖြစ်တာဆိုတော့ ဒီအစိုးရအပေါ်မှာ လူထုက ယုံကြည်သလိုပဲ မြန်မာငွေဈေး တက်တယ်လို့ ယူဆလို့ရပါသလား။
“ပြုတ်ကျတာက မြန်မာငွေတင်မဟုတ်ဘူး။ ဒေါ်လာကိုယ်တိုင်က သူ့နိုင်ငံတကာ မျက်နှာစာမှာ သူကကျနေတယ်ဆိုတော့ ဒီအစိုးရအပေါ်မှာ လူတွေက ယုံကြည်မှုရှိလို့၊ မရှိလို့ဆိုတာမျိုးလည်း ပါချင်ပါမယ်။ ပါရင်လည်း အနည်းငယ်ပါပဲ။ ဒေါ်လာဈေးကိုက နိုင်ငံတကာ မျက်နှာစာမှာ ကျနေတာ။”