A d v e r t i s e m e n t With Us

လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်

နှစ် ၂၀ ​ကျော်အတွင်း​ နအဖစစ်အစိုး​ရက ပထမဆုံး​ခေါ်ယူ ဖွဲ့စည်း​ပေး​ခဲ့​တဲ့​ ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်နဲ့​ နှစ်ခု​ပေါင်း​ ပြည်တောင်စုလွှတ်​တော်ရဲ့​ ဥက္ကဋ္ဌ​တွေအပါဝင် လွှတ်​တော် အမြဲတမ်း​ကော်မတီဝင်​တွေအတွက် အရည်အ​သွေး​ မြှင့်​တင်တဲ့​အ​နေနဲ့​ တက္ကသိုလ်အသီးသီး​က ပညာရှင်​တွေကို ဖိတ်​ခေါ်ပြီး​ စာတမ်း​ဖတ်ပွဲ​တွေ ပြုလုပ်​နေပါတယ်။ ဒီစာတမ်း​ဖတ်ကြား​မှု​တွေထဲမှာ ဒီလ ၇ ရက် အင်္ဂါ​နေ့​က မြန်မာပြည်အနှံ့​ရှိ တက္ကသိုလ်အသီး​သီး​က ဥပ​ဒေဌာန​တွေက ပါ​မောက္ခ၊​ ဌာနမှူး​တွေက ဖတ်ကြား​ပေး​ခဲ့​ကြတာပါ။ ဒီစာတမ်း​တွေ ဖတ်ကြား​အပြီး​မှာ​တော့​ ပြည်သူ့​လွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော်တို့​ က ဥပ​ဒေကြမ်း​ကော်မတီ၊​ ပြည်သူ့​ငွေစာရင်း​ကော်မတီ၊​ လွှတ်​တော်အခွင့်​အ​ရေး​ကော်မတီနဲ့​ အစိုး​ရရဲ့​ အာမခံချက်​တွေ ကတိ​တွေနဲ့​ တာဝန်ခံချက်​တွေ စိစစ်​ရေး​ကော်မတီဝင်​တွေက စာတမ်း​တွေ ပြန်လည်ပြုစု​ရေး​သား​ပြီး​ ထပ်ဆင့်​ဖတ်ကြား​ရမှာဖြစ်တယ်လို့​ အမျိုး​သား​လွှတ်​တော်ရဲ့​ အစိုးရရဲ့​ အာမခံချက်​တွေ ကတိ​တွေနဲ့​ တာဝန်ခံချက်​တွေ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ရှင်း​ပြပါတယ်။ “ကျ​နော်တို့​က စာတမ်း​ဖတ်ပွဲကို နား​ထောင်​နေကြတာ ဥပ​ဒေဘက်က​လေ။ တက္ကသိုလ်ဘက်က ဆရာမကြီး​တွေလာပြီး​တော့​ စာတမ်း​တွေကို ဖတ်ပြကြပါတယ်။ အဲဒါ​တွေ ကျ​နော်တို့​ နား​ထောင်​နေကြ​တော့​ ပြီး​မှပဲ နှိုင်း​ယှဉ်တာ​လေး​တွေကို စာတမ်း​ပြုစုတဲ့​အခါမှာ ကျ​နော်တို့​ လက်ရှိ ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ​တော်က လွှတ်​တော်က​နေ ဖွဲ့​စည်း​ပေး​တဲ့​ အမြဲတမ်း​ကော်မတီ​တွေရဲ့​ ​တွေ့​ရှိမှုတို့​၊​ ရပိုင်ခွင့်​တို့​ အကုန်လုံး​ကို အပြည်ပြည်ဆိုင်ရာ လွှတ်​တော်​တွေမှာ ဘယ်လိုအခွင့်​အ​ရေး​တွေ ​ပေး​ထား​သလဲဆိုတာနဲ့​ နှိုင်း​ယှဉ်ပြီး​ကာမှ အဲဒါ​လေး​ကို စာတမ်း​ပြုစုမှာပါ။” ဒီလ ၇ ရက်​နေ့​က ဥပ​ဒေဆိုင်ရာ စာတမ်း​တွေ ဖတ်ကြား​သွား​ရာမှာ ရန်ကုန်၊​ မန္တ​လေး​၊​ မုံရွာ၊​ မ​ကွေး​ စတဲ့​တက္ကသိုလ်​တွေက ဥပ​ဒေပညာရှင် ပါ​မောက္ခ​တွေက နိုင်ငံဖြတ်​ကျော်ရာဇဝတ်မှု၊​ တရား​မဝင်မူး​ယစ်​ဆေး​ ​ရောင်း​ဝယ်မှု၊​ ဗုဒ္ဓဘာသာဝင် အမျိုး​သမီး​တို့​၏ အခွင့်​အ​ရေး​၊​ က​လေး​သူငယ်အခွင့်​အ​ရေး​ စတဲ့​အ​ရေး​တွေကို လက်ရှိပြဋ္ဌာန်း​ဥပ​ဒေ​တွေနဲ့​ယှဉ်ပြီး​ ဖတ်ကြား​ရှင်း​လင်း​သွား​တယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up