A d v e r t i s e m e n t With Us

ဆွန်နီ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို အသေပစ်သတ် (ရုပ်သံ)

ပါကစ္စတန်နိုင်ငံရဲ့ ဆွန်နီအကြမ်းဖက် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်တဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က အသေပစ်သတ်လိုက်တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်သတ်ခံရသူ လက်ရှ်ကာ အီး ဂျဟတ်ဗီ (Lashkar-e-Jhangvi) စစ်သွေးကြွအဖွဲ့ခေါင်းဆောင် မာလစ် အီရှက် (Malik Ishaq) ဟာ ပါကစ္စတန်မှာ လူနည်းစုဖြစ်တဲ့ ရှီးယားမွတ်စလင် အများစုသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတာပါ။ မာလစ်နဲ့ သူ့သား ၂ ဦးကို မကြာခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှု ၈ ခုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ပြီးခဲ့တဲ့တပတ်က ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဇူလိုင် ၂၉ ရက်နေ့က ပန်ဂျပ်ပြည်နယ်အတွင်း လုံခြုံရေးယာဉ်တန်းနဲ့ သွားနေစဉ် သူ့ကို ကယ်တင်ဖို့ လာတဲ့ လက်နက်ကိုင်တွေက လမ်းမှာ တိုက်ခိုက်လို့ သူနဲ့ သူ့သား ၂ ယောက်လုံးကိုပါ ရဲက အသေ ပစ်သတ်လိုက်တာပါ။ ပစ်ခတ်မှုအတွင်း သူတို့သားအဖ ၃ ဦးနဲ့ တိုက်ခိုက်သူ စစ်သွေးကြွ ၁၁ ယောက်တို့လည်း သေဆုံးခဲ့တဲ့အပြင် ရဲတပ်ဖွဲ့ဝင် ၆ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မာလစ်ကို ဘာသာရေးအကြမ်းဖက်သတ်ဖြတ်မှု ၇၀ နဲ့ ၁၃ နှစ်လုံးလုံး ရဲက ဖမ်းဆီး ထိန်းသိမ်းထားတာကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လားဟိုးမြို့တရားရုံးက ပြန်လွှတ်ပေးခဲ့တာပါ။ သူ့ရဲ့ လက်ရှ်ကာ အီး ဂျဟတ်ဗီအဖွဲ့ကို အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၀၃ ခုနှစ်က စာရင်းသွင်းခဲ့ပြီး ပါကစ္စတန်နိုင်ငံမှာလည်း ပိတ်ပင်ခဲ့ပါတယ်။ လက်ရှ်ကာ အီး ဂျဟတ်ဗီအကြမ်းဖက်အဖွဲ့ဟာ ပါကစ္စတန်ရှီးယားမွတ်စလင် ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့လို့ စွပ်စွဲခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up