တာလီဘန်ခေါင်းဆောင် သေဆုံးခဲ့မှုသတင်း စုံစမ်းနေဟု အာဖဂန်ပြော

မူလာအိုမာ။ (ဓာတ်ပုံ - ရိုက်တာ)
1.4K
တာလီဘန်ခေါင်းဆောင် မူလာ အိုမာ (Mullah Omar) ဟာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းက သေဆုံးခဲ့ပြီ ဆိုတဲ့သတင်းကို အတည်ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ အာဖဂန်အစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ပြောပါတယ်။
အာဖဂန်သမ္မတရဲ့ ပြောခွင့်ရက မြို့တော် ကဘူးလ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ မူလာ အိုမာ သေဆုံးခဲ့ပြီဆိုတဲ့ သတင်းကို အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုပါတယ်။
အိုမာဟာ ၁၉၆၀ နှစ်ဝန်းကျင်က အာဖဂန်နစ္စတန်တောင်ပိုင်းမှာ မွေးဖွားခဲ့ပြီး ကန်ဒါဟာမြို့မှာ ရုရှားတွေကို တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ တပ်မှူးတဦးအဖြစ် သြဇာကြီးလာခဲ့တာပါ။
၂၀၀၁ ခုနှစ် အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကို ၀င်ရောက်ချိန်ကစပြီး ၁၃ နှစ်လုံးလုံး သူ့ကို ပေါ်ပေါ်ထင်ထင် မတွေ့ရတော့တာပါ။
တာလီဘန် အကြမ်းဖက်တွေကြားမှာ သူသြဇာကျသွားတာလား၊ ဒါမှမဟုတ် သေဆုံးသွားပြီလား ဆိုတဲ့သတင်းတွေ နှစ်အတန်ကြာ ဖြစ်ပေါ်နေခဲ့တာပါ။
တာလီဘန်တွေထဲမှာလည်း မူလာအိုမာအပေါ် မကျေနပ်မှုတွေ ရှိခဲ့ပြီး အိုင်အက်စ် အကြမ်းဖက်တွေဘက်ကို ပြောင်းပြီး သစ္စာခံမှုတွေလည်း ရှိခဲ့တာပါ။
တာလီဘန်တွေဟာ သူတို့အချင်းချင်းကြား သြဇာပြိုင်ဆိုင်မှုတွေ ရှိနေပြီး သူတို့နဲ့ သဘောထားမတူတဲ့ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ သြဇာလွှမ်းမိုးလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။