နျူကလီးယားအစီအစဉ် စွန့််လွှတ်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော

တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်။ (ဓာတ်ပုံ - newstimes)
2.5K
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားအစီအစဉ်တွေ တဖက်သတ်စွန့်လွှတ်ရမယ့် ဆွေးနွေးပွဲတွေကို စိတ်မ၀င်စားဘူးလို့ ဇူလိုင် ၂၈ ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က ပြောပါတယ်။
ဘေကျင်းမြို့ မြောက်ကိုရီးယားသံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ် Ji Jae Ryong က အခုလိုပြောဆိုခဲ့တာပါ။
တကယ်လို့ မြောက်ကိုရီးယားနိုင်ငံကသာ နျူကလီးယားဆွေးနွေးပွဲကို စိတ်ဝင်စားရင် အီရန်နိုင်ငံနဲ့ ပြေလည်မှုရခဲ့တဲ့အတိုင်းပဲ အမေရိကန်နိုင်ငံက သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆွေးနွေးပေးနိုင်တယ်လို့ အမေရိကန်ကိုယ်စားလှယ်က ဇူလိုင် ၂၇ ရက်နေ့က ပြောခဲ့တာပါ။
ဒါပေမယ့် မြောက်ကိုရီးယား သံအမတ်ကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေဟာ လက်ရှိ အီရန်နိုင်ငံ အခြေအနေ မတူဘူးလို့ ပြောပါတယ်။
"မြောက်ကိုရီးယားနဲ့ အီရန်က မတူပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာ လက်တွေ့ နျူကလီးယားကို ပိုင်ဆိုင်ထားတဲ့နိုင်ငံပါ။ အီရန်နဲ့ မတူပါဘူး။ ဒါကြောင့် ဒီ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဟာ ကိုယ်ပိုင်အကျိုးစီးပွားတွေရှိပါတယ်။"
အခုလိုအခြေအနေမှာ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်တွေကို တဖတ်သတ်ရပ်ဆိုင်းရမယ့်၊ စွန့်လွှတ်ရမယ့် အခြေအနေမျိုးဆိုရင်တော့ စိတ်မ၀င်စားဘူးလို့လည်း သံအမတ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှု ၃ ကြိမ်လုပ်ခဲ့ဖူးပြီး နောက်ဆုံးတခေါက်ကတော့ ၂၀၁၃ ဖေဖော်ဝါရီလထဲမှာပါ။
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်နိုင်ငံဆိုပြီး နိုင်ငံရဲ့အမည်ကို ပြောင်းလဲခေါ်ဆိုနေတာလည်း ဖြစ်ပါတယ်။