A d v e r t i s e m e n t With Us

သင်္ကန်းကျွန်း ဦးသိန်းညွန့်ခေါင်းဆောင်ပြီး ပါတီသစ်ထောင်မည်

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ တည်​ထောင်သူတဦး​လည်း​ဖြစ်၊​ ပါတီကိုယ်စား​ပြုအမတ်လည်း​ဖြစ်တဲ့​ ဦး​သိန်း​ညွန့်​က ပါတီသစ်တရပ်ကို ထူ​ထောင်မယ်လို့​ ​ပြောပါတယ်။ အခုလို ​ပြောဆိုချက်ဟာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဦး​သိန်း​ညွန့်​ကို တသီး​ပုဂ္ဂလအဖြစ် အသိအမှတ်ပြုတယ်လို့​ စာကို လက်ခံရရှိခဲ့​ပြီး​နောက် ​ပြောဆိုချက် ဖြစ်ပါတယ်။ ၁၉၉ဝ ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​ဟောင်း​တွေဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေ၊​ ​ဒေါက်တာသန်း​ငြိမ်း​နဲ့​ ဦး​သိန်း​ညွန့်​အပါအဝင် ​ခေါင်း​ဆောင်တချို့​ဟာ အန်ဒီအက်ဖ်ပါတီကိုထူ​ထောင်ပြီး​ ၂ဝ၁ဝ ​ရွေး​ကောက်ပွဲဝင်ရာမှာ ၁၆ ​နေရာ အနိုင်ရပါတယ်။ ရွေး​ကောက်ပွဲအပြီး​ ဆယ်ရက်အကြာမှာ အန်ဒီအက်ဖ်ပါတီက ဦး​သိန်း​ညွန့်​ကို ပါတီက​နေထုတ်ပယ်ပြီး​ ​ကော်မရှင်ထံကို စာပို့​ပါတယ်။ ဒါ​ပေမယ့်​ လွတ်​တော်အစည်း​အ​ဝေး​တွေမှာ အန်ဒီအက်ဖ်ကိုယ်စား​ပြု​နေဆဲဖြစ်တာ​ကြောင့်​ သင်္ကန်း​ကျွန်း​ အန်ဒီအက်ဖ်နဲ့​ပင်မအန်ဒီအက်ဖ်ဆိုပြီး​ ကွဲသွား​ပါတယ်။ ဒီကိစ္စကို နှစ်ဘက်တာဝန်ရှိသူ​တွေကို ​ခေါ်ယူ​မေး​မြန်း​ပြီး​တဲ့​နောက် ​ကော်မရှင်ဘက်က ဆုံး​ဖြတ်​ပေး​လိုက်တာဖြစ်ပါတယ်။ အခုထူ​ထောင်မယ့်​ပါတီမှာ ရန်ကုန်တိုင်း​ဒေသကြီး​က​နေ ဝင်အ​ရွေး​ခံထား​ရတဲ့​ ဦး​ကျော်၊​ ဦး​ဘုန်း​မြင့်​အောင်၊​ ​ဒေါ်စန်း​စန်း​မြင့်​နဲ့​ လသာမြို့​နယ်ကိုယ်စား​လှယ် ဦး​ကြည်မြင့်​တို့​ကို အ​ခြေခံပြီး​ ပါတီတရပ်ထူ​ထောင်သွား​မယ်လို့​ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။ ထူ​ထောင်မယ့်​ပါတီရဲ့​ မူဝါဒသ​ဘောထား​တွေကို ဦး​သိန်း​ညွန့်​က အခုလို ​ပြောပါတယ်။ “သန့်​ရှင်း​တဲ့​ နိုင်ငံ​ရေး​၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​၊​ ဒီမိုက​ရေစီ​ရေး​၊​ လူ့​အခွင့်​အ​ရေး​ မဟာဗျူဟာ သုံး​ရပ်ကို ကျ​နော်အမြဲ​ပြော​နေကျဖြစ်တဲ့​ တရား​ဥပ​ဒေ ​ဘောင်အတွင်း​က ငြိမ်း​ချမ်း​စွာ​ဖြေရှင်း​ရေး​၊​ နိုင်ငံ​ရေး​ကို နိုင်ငံ​ရေး​နဲ့​ ​ဖြေရှင်း​တဲ့​ နည်း​ဗျူဟာများ​နဲ့​ ကျ​နော်တို့​ နိုင်ငံ​ရေး​ပါတီတခုကို မကြာခင်ဖွဲ့​စည်း​သွား​မယ်။” လက်ရှိအချိန်မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဦး​သိန်း​ညွန့်​တဦး​တည်း​ကိုသာ တသီး​ပုဂ္ဂလကိုယ်စား​လှယ်အဖြစ် အသိအမှတ်ပြုထား​ပြီး​ ကျန်သူ​လေး​ဦး​က ​ကော်မရှင်ရဲ့​ အဆုံး​အဖြတ်ကို ​စောင့်​ကြရဦး​မှာ ဖြစ်ပါတယ်။ ဦး​သိန်း​ညွန့်​နဲ့​အတူ ပါတီသစ်ထူ​ထောင်မယ့်​ အမတ်​လေး​ဦး​က အန်ဒီအက်ဖ် ပါတီက​နေ နုတ်ထွက်စာတင်တဲ့​အ​ပေါ် အန်ဒီအက်ဖ်ပါတီ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ပါတီကို မယုံကြည်ဘူး​ဆိုရင်​တော့​ ထွက်လို့​ရတယ်၊​ ပုဂ္ဂိုလ်​ရေး​ကြောင့်​ ထွက်တယ်ဆိုရင်​တော့​ ပြည်သူ​တွေ အ​လေး​အနက်ထား​လို့​ရထား​တဲ့​ ခ​မောက်တံဆိပ်နဲ့​နေရာ​တွေကို သူတို့​ဘက်က ပြန်ပြီး​အ​လေး​အနက်ပြုဖို့​တော့​ လိုမယ်လို့​ ​ပြောပါတယ်။ ဦး​ကြည်မြင့်​နုတ်ထွက်တာကို စဉ်း​စား​နိုင်ခြင်း​မရှိ​သေး​တဲ့​အ​ကြောင်း​လည်း​ ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။ “သင်္ကန်း​ကျွန်း​မြို့​နယ်က ကိုယ်စား​လှယ်နှစ်ဦး​က​တော့​ ဦး​သိန်း​ညွန့်​နဲ့​ ​တော်​တော်များ​များ​ နီး​စပ်တယ်ဆို​တော့​ သိပ်​ပြောစရာအ​ကြောင်း​ မရှိဘူး​။ လသာမြို့​နယ်က ဦး​ကြည်မြင့်​က​တော့​ နုတ်ထွက်စာတင်​သော်လည်း​၊​ ကျ​နော်တို့​က စဉ်း​စား​နိုင်ခြင်း​မရှိ​သေး​ဘူး​။ သူနဲ့​ ကျ​နော်တို့​ ပါတီဌာနချုပ်နဲ့​ ရှင်း​ရမယ့်​ ကိစ္စ​လေး​တွေ ရှိ​နေပါ​သေး​တယ်။ အဲ​လောက်ပဲ ​ပြောပါရ​စေ။”

A d v e r t i s e m e n t With Us

More News
Up