A d v e r t i s e m e n t With Us

အိုင်အက်စ် စစ်သွေးကြွများကို တူရကီရဲ ဖမ်းဆီး

ဓာတ်ပုံ - အေအက်ဖ်ပီ
တူရကီရဲတွေက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်နဲ့ ကာဒစ်ရှ် စစ်သွေးကြွတွေလို့ သံသယရှိသူ ဒါဇင်အတော်များများကို ဇူလိုင် ၂၇ ရက်နေ့ အစောပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကိုင် အုပ်စုတွေအပေါ် နှိမ်နင်းမှုတွေ လုပ်နေချိန်မှာ အခုလို ဖမ်းဆီးလိုက်တာပါ။ အိုင်အက်စ် စစ်သွေးကြွတွေကို ချေမှုန်းရေး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်နဲ့ ပူးပေါင်းရေး ကာလကြာရှည် တွန့်ဆုတ်နေခဲ့တဲ့ တူရကီဟာ အရင်သီတင်းပတ်က လေတပ် အခြေစိုက်စခန်းတွေကို သုံးစွဲရေး၊ ဘာသာရေး စစ်ဝါဒီလှုပ်ရှားမှုမှာ ပတ်သက်နေတဲ့ ဆီးရီးယားနိုင်ငံတွင်းက ပစ်မှတ်တွေကို ဗုံးကြဲရေးနဲ့ တူရကီမြို့တွေမှာရှိတဲ့ သံသယဖြစ်ဖွယ် အဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့က တူရကီ ဂျက်လေယာဉ်တွေက အီရတ်နိုင်ငံတွင်းက ကာဒစ်ရှ် သူပုန်စခန်းကို တိုက်ခဲ့လို့ လက်ရှိ အာဏာရပါတီနဲ့ ကာဒစ်စတန် လုပ်သားပါတီ (PKK) တို့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း အဆုံးသတ်သွားနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အရင်သီတင်းပတ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ ဆောင်ရွက်ခဲ့တဲ့ ပြည်တွင်း နှိမ်နင်းမှုအတွင်း အိုင်အက်စ်စစ်သွေးကြွနဲ့ PKK ပါတီဝင် အယောက် ၈၀၀ ကျော် အဖမ်းခံခဲ့ရပြီးပြီလို့ CNN Turk သတင်းဌာနက ဆိုပါတယ်။ သူပုန်တွေရဲ့ နှစ် ၃၀ သူပုန်ထမှု အဆုံးသတ်ရေး ၂၀၁၂ ခုနှစ်က ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် တူရကီတွေက အီရတ်မြောက်ပိုင်းက PKK စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ PKK ပါတီကတော့ ဒီလုပ်ရပ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိပ္ပာယ် မဲ့စေတယ်လို့ ပြောပါတယ်။ PKK နဲ့ အဆက်အသွယ်ရှိပေမယ့် ဆီးရီးယား မြောက်ပိုင်းမှာ အမေရိကန်နဲ့အတူ အိုင်အက်စ်တွေကို တိုက်နေတဲ့ ဆီးရီးယားနိုင်ငံတွင်းက ကာဒစ်ရှ် YPG အဖွဲ့ကတော့ တူရကီစစ်တပ်ဟာ အိုင်အက်စ်တွေ တပ်စွဲထားတဲ့ ဂျာရာဘလပ်စ်မြို့ အပြင်ဘက်က YPG တွေရဲ့ တပ်စခန်းတွေကို ဗုံးကြဲခဲ့တယ်လို့ ဇူလိုင် ၂၇ ရက်နေ့က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up