သတင်းထောက်ကို ထိုးမှုဖြင့် မက္ကဆီကို အသင်းနည်းပြ ထုတ်ပယ်ခံရ

ဓာတ်ပုံ - ရိုက်တာ
710
သတင်းထောက်ကို ထိုးတယ်လို့ စွပ်စွဲချက်နဲ့ ကွန်ကာကပ်ဖ် ရွှေဖလား ချန်ပီယံ မက္ကဆီကိုအသင်း နည်းပြ မီဂွယ် ဟာရဲရားကို ထုတ်ပယ်လိုက်ပါတယ်။
ကွန်ကာကပ်ဖ် ရွှေဖလားကို ရရှိပြီး ၂ ရက်အကြာမှာ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ဖီလစ်ဒဲဖီးယား လေဆိပ်မှာ ရုပ်သံသတင်းထောက် တဦးက သူ့ကို နည်းပြဟာရဲရားက လည်ပင်းကို ရိုက်နှက်ခဲ့ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ ဟာရဲရားဟာ မက္ကဆီကို အသင်းကို ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ၁၆ သင်းမှာ ပါဝင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ မက္ကဆီကို အသင်းကို တာဝန်ယူခဲ့တာ ဖြစ်ပြီး သီတင်း ၆ ပတ်အတွင်း ခန့်အပ်ခံရတဲ့ ၄ ဦးမြောက် မန်နေဂျာလည်း ဖြစ်ပါတယ်။