အာဏာရှင် ကဒါဖီ၏သားကို စစ်ရာဇ၀တ်မှုအတွက် သေဒဏ်ချမှတ်

ကဒါဖီ၏ သား ဆက်ဖ် အယ် အစ္စလာမ်။ (ဓာတ်ပုံ - ရိုက်တာ)
လစ်ဗျားအာဏာရှင် ကဒါဖီရဲ့ အရှိန်အ၀ါအကြီးဆုံး သားဖြစ်တဲ့ ဆက်ဖ် အယ် အစ္စလာမ် (Saif al-Islam) ကို ၂၀၁၁ ခုနှစ် လစ်ဗျား တော်လှန်ရေးအတွင်း စစ်ရာဇ၀တ်မှုတွေအတွက် လစ်ဗျားတရားရုံးက ဇူလိုင် ၂၈ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ အာဏာရှင် ကဒါဖီ အစိုးရ ထောက်လှမ်းရေးချုပ်ဟောင်း အက်ဘ်ဒူလာ အယ် စယ်နူစီ (Abdullah al-Senussi)၊ ၀န်ကြီးချုပ်ဟောင်း ဘက်ဒဒီ ဘယ် မိုမာဒီ (Baghdadi al -Mahmoudi) တို့ အပါအ၀င် အစိုးရထိပ်တန်းအရာရှိ ၈ ဦးကိုလည်း သေနတ်ကိုင်တပ်ဖွဲ့နဲ့ ပစ်ခတ်ကွပ်မျက်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။ ၂၀၁၁ ဒီမိုကရေစီအုံကြွမှုအတွင်း ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုစွဲချက်တွေနဲ့ ကဒါဖီနဲ့နီးစပ်တဲ့ အစိုးရထိပ်တန်းအာဏာပိုင် အယောက် ၃၀ ကျော်ကို ရုံးတင်ခဲ့တာပါ။ ကဒါဖီရဲ့ သားကတော့ သူပုန်တပ်ဖွဲ့တခုဖြစ်တဲ့ Zintan တပ်ဖွဲ့က ဖမ်းဆီးထားပြီး လွှဲပြောင်းပေးအပ်ခြင်း မရှိတာကြောင့် တရားရုံးတက်ရောက်နိုင်ခြင်းမရှိပါဘူး။ သေဒဏ်မချခံရတဲ့ တခြားအာဏာပိုင်တွေကတော့ ထောင်ဒဏ် ၅ နှစ်ကနေ တသက်တကျွန်းဒဏ်အထိ ကျခံရပါတယ်။ ပြစ်ဒဏ်တွေကို အယူခံဝင်နိုင်ပေမယ့် လစ်ဗျားဗဟိုတရားရုံးက အတည်ပြုပေးရမှာပါ။ နိုင်ငံတကာတရားရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ချမှတ်တဲ့ပြစ်ဒဏ်တွေ၊ တရားမျှတမှုရှိမရှိနဲ့ လစ်ဗျားတရားရုံးရဲ့ အဆင့်အတန်းအပေါ်မှာ စိုးရိမ်မှုတွေရှိတယ်လို့ ပြောဆိုကြပါတယ်။ လစ်ဗျားနိုင်ငံမှာ အာဏာရှင်ကဒါဖီ ဖြုတ်ချခံခဲ့ရပြီးကတည်းက တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေအချင်းချင်း ပြည်တွင်းစစ်ဖြစ်နေတာပါ။ လစ်ဗျားအစိုးရဟာလည်း တူပရုဒ်အစိုးရနဲ့ ထရိုပိုလီအစိုးရဆိုပြီး အစိုးရ ၂ ရပ်ရှိနေပြီး ၂ ရပ်လုံးက လစ်ဗျားနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။

More News
Up