A d v e r t i s e m e n t With Us

ရေလွှမ်းမိုးမှုကြောင့် ချင်းပြည်သူများ လယ်ယာလုပ်ငန်းမစနိုင်

ပြီး​ခဲ့​တဲ့​နှစ်က ချင်း​ပြည်နယ်ထဲမှာ ကုလား​တန်မြစ်​ရေ လွှမ်း​မိုး​မှုဖြစ်ခဲ့​တဲ့​အတွက် ​မြေဆီလွှာ​တွေ တိုက်စား​ခံရပြီး​ ဒီနှစ်စိုက်ပျိုး​ရေး​ရာသီမှာ စိုက်ပျိုး​ရေး​လုပ်ငန်း​ မစတင်နိုင်​သေး​သလို ​ဒေသခံ​တွေ စား​နပ်ရိက္ခာ အခက်အခဲ ​တွေ့​နေရပါတယ်။ ပြီး​ခဲ့​တဲ့​နှစ် ​အောက်တိုဘာလတုန်း​က ချင်း​ပြည်နယ်ထဲမှာ မိုး​သည်း​ထန်ပြီး​ ကုလား​တန်မြစ်​ ရေလွှမ်း​မိုး​ခဲ့​တဲ့​အတွက် စပါး​တွေ ပျက်စီး​ခဲ့​သလို ​ရေကျသွား​ပြီး​တဲ့​နောက်မှာ လယ်ယာ​မြေ​တွေကို ​ရေတိုက်စား​တာ​တွေ ​ရေနုတ်​မြောင်း​ လမ်း​ကြောင်း​ပြောင်း​တာ​တွေလည်း​ ဖြစ်ခဲ့​ပါတယ်။ မတူပီ၊​ ဟား​ခါး​ ထန်တလန် နဲ့​ ပလက်ဝ စတဲ့​ မြို့​နယ်​တွေမှာ ပျက်စီး​ခဲ့​တဲ့​ လယ်ယာ​မြေ ဧက တ​ထောင်​ကျော်ကို ဒီနှစ်ထဲမှာ ပြန်မစိုက်ပျိုး​နိုင်တဲ့​အတွက် အစာ​ရေစာ ပြတ်လပ်မှုကို အကြီး​အကျယ်ကြုံ​တွေ့​ရဖို့​ရှိတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ အစာ​ရေစာ မ​လောက်ငမှုဖြစ်​နေတာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေသခံ​တွေရဲ့​ ​ပြောဆိုချက်ကို ချင်း​ဒီဗွီက ကိုမား​လ်စွမ်ဒွမ်း​ငါက အခုလို ​ပြောပါတယ်။ “အထူး​သဖြင့်​ ဒီမတူပီ နယ်မှာ​တော့​ ဧက ၁၂ဝ မှာ ဂဝ ​လောက် ပျက်စီး​တယ်။ ဒီနှစ်မှာ မျိုး​စပါး​တွေ မရှိ​တော့​ဘူး​ပေါ့​။ ဒီနှစ်​တော့​ ​ရောင်း​မယ့်​စပါး​လည်း​မရှိ​တော့​ဘူး​။ ​ရေလျှံပြီး​ ပျက်စီး​တယ်ဆို​တော့​ ပိုက်ဆံလည်း​မရှိ။ ​နေ့​တိုင်း​စား​ဖို့​လည်း​မရှိတာ။ ​ပြောင်း​ဖူး​ပဲစား​တယ်။ ​ပြောင်း​ဖူး​စား​တာ​တောင်မှ ​ရေနဲ့​ပြုတ်စား​ရတယ်။” ချင်း​ပြည်နယ်ရဲ့​ ငတ်မွတ်​ခေါင်း​ပါး​မှုပြဿနာ ကုလသမဂ္ဂ လက်​အောက်ခံအဖွဲ့​အစည်း​တချို့​က ကူညီ​နေ​ပေမယ့်​ လိုအပ်ချက်​တော့​ မပြည့်​မီဘူး​လို့​ ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​ အိန္ဒိယနိုင်ငံရုံး​ခွဲ ဒါရိုက်တာ ဆလိုင်း​စအုပ်လိုင်း​က ​ပြောပါတယ်။ “သူတို့​ UNDP နဲ့ WFP က​တော့​ အကူအညီ​တော့​ ​ပေး​ထား​တာ ရှိပါတယ်။ ဒါပေမယ့်​ သူတို့​ကလည်း​ ​နေရာတိုင်း​ကို မ​ရောက်နိုင်ဘူး​လေ။ လမ်း​ပန်း​ဆက်သွယ်​ရေး​ အခက်အခဲ​ကြောင့်​ပဲဖြစ်ဖြစ်၊​ တခြား​ အခက်အခဲ​တွေ မိုး​ရာသီလည်း​ ဖြစ်တယ်ဆို​တော့​ သူတို့​ မ​ရောက်နိုင်တာ​တွေဖြစ်တယ်။ အခု​လော​လောဆယ်မှာ​တော့​ လယ်ပျက်တဲ့​ကိစ္စ​တွေ၊​ တူး​မြောင်း​တွေ ပျက်တဲ့​ကိစ္စ​တွေအတွက် ဘယ်သူမှ​တော့​ အကူအညီ​ပေး​တာ မရှိပါဘူး​။ ချင်း​လူမှု ဖွံ့​ဖြိုး​ရေး​ကလည်း​ သူတို့​ ဘုရား​ကျောင်း​တွေက​နေ လိုက်လုပ်တာ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ သူတို့​ကလည်း​ အား​လုံး​ကိုမကူညီနိုင်ဘူး​။ ​ငွေ​ရေး​ကြေး​ရေး​ အခက်အခဲရှိတယ်။” ချင်း​ပြည်သူ​တွေ ငတ်မွတ်​ခေါင်း​ပါး​မှုမဖြစ်ရ​အောင် ပြည်တွင်း​နဲ့​ နိုင်ငံတကာ အသိုင်း​အဝိုင်း​က အကူအညီ​ပေး​ဖို့​ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up