ထပ်စင်၏ညီမကို မဟုတ်မမှန်ထွက်ဆိုမှုဖြင့် အရေးယူရန် တောင်းဆို
DVB
·
June 8, 2011
မကြာခင်ကျင်းပမယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ရေပန်းစားနေတဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှင်နဝပ်ရဲ့ အမှုတုန်းက ညီမဖြစ်သူဟာ ရုံးတော်မှာ မမှန်မကန် ထွက်ဆိုခဲ့တယ်ဆိုပြီး တရားစွဲရေးတိုက်တွန်းဖို့ ထိုင်းနိုင်ငံရေးပညာရှင်အဖွဲ့တခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ရောင်စုံအင်္ကျီအဖွဲ့ခေါင်းဆောင် ဒေါက်တာတုန် စစ်ထိစုမ်ဝုန်နဲ့ အထက်လွှတ်တော် အမတ်ဟောင်း ကယောက်စံတို့ဟာ နိုင်ငံရေးသမားတွေရဲ့မသမာမှုတွေကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့ ဇွန်လ ၇ ရက်နေ့မှာ “ထပ်စင် လိမ်လည်ဖြတ်စားမှု လွတ်ငြိမ်းချမ်းသာခွင့် တားဆီးရေး လူထုကွန်ရက်” အဖြစ် ပူးပေါင်းဖွဲ့စည်းကြောင်းကိုလည်း ထိုင်းမီဒီယာတွေကနေတဆင့် ကြေညာခဲ့ပါတယ်။
ဒီအဖွဲ့ရဲ့ပထမဆုံးလှုပ်ရှားမှုအဖြစ် လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံတဲ့ ဖေ့ထိုင်းပါတီ အနိုင်ရဖို့ မဲဆွယ်မှုတွေလုပ်နေတဲ့ မစ္စတာ ထပ်စင်ရှင်နဝပ်ရဲ့နှမ ရင့်ရတ်ရှင်နဝပ်ကို တရားစွဲရေး တိုက်တွန်းမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှင်နဝပ်ရဲ့ညီမဟာ သူ့အစ်ကိုဖြစ်သူရဲ့ အစုရှယ်ရာ ကွယ်ဝှက်မှုတုန်းက လိမ်လည်သက်သေခံခဲ့တယ်လို့ လူထုကွန်ရက်က ထိုင်းရုပ်မြင်သံကြားတွေနဲ့ ထိုင်းမီဒီယာတွေမှာ ပြောနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ထိုင်းနိုင်ငံရေး အမှုအခင်း ကျွမ်းကျင်သူတဦးက ဒီအကြောင်းနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
“ဝန်ကြီးချုပ်ဟောင်းထပ်စင်က ဖွဲ့စည်းပုံဥပဒေ ကိုလက်တလုံးခြားလုပ်ပြီး မိမိကိုယ်ကျိုးကို လုပ်ခဲ့တယ်ဆိုတဲ့အမှုတုန်းက ညီမဖြစ်သူရဲ့ထွက်ဆိုချက်တွေကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တာတွေကိုဆုံးရှံးခဲ့တယ်။ ဒီတော့ နိုင်ငံတော်ရဲ့ကိုယ်စား နိုင်ငံတော်မှာရှိတဲ့ ဒီအက်စ်အိုင်တို့၊ ရဲဌာနတို့နဲ့တရားရေးဌာနတွေက ဒီအမှုကိုအရေးယူရမယ့်တာဝန်ရှိတယ်။ ဒါကိုသူတို့မလုပ်ခဲ့ကြလို့ အခုလို တောင်းဆိုတာဖြစ်တယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီစနစ်မှာ အာဏာပိုင်အဖွဲ့အစည်းနဲ့ အာဏာပိုင်တွေရဲ့ အာဏာချိန်ခွင်လျှာကို ထိန်းညိ‡ထားတဲ့ အရာတခုဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးဥပဒေဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ ဒါတွေကို လူထုက လှုပ်ရှားတောင်းဆိုခွင့်ရှိတယ်။”
ဒီအမှုဟာ ရာဇဝတ်မှုဖြစ်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှင်နဝပ်ရဲ့ညီမ ယင့်ရတ်ရှင်နဝပ် မှားတယ် မှန်တယ်ဆိုတာကို တရားဥပဒေအရ အဆုံးအဖြတ်ပေးရမှာဖြစ်ပြီး လူထုမဲပေးဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးလို့ အထက်လွှတ်တော်အမတ်ဟောင်း ကယောက်စံက ±ုပ်သံအင်တာဗျူးတွေမှာ ဖွင့်ဆိုသွားပါသေးတယ်။
ရောင်စုံအင်္ကျီအဖွဲ့ဟာ မနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှင်နဝပ်ကို ထောက်ခံသူအင်္ကျီအနီဝတ်တချို့ရဲ့အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဘန်ကောက်လူထု အစုအဝေးဖြစ်ပြီး အထက်လွတ်တော်အမတ်ဟောင်း ကယောက်စံကတော့ နိုင်ငံရေးသမားမသမာမှု စုံစမ်းစစ်ဆေးရေးကော်မတီကို သူအထက်လွတ်တော်အမတ်ဖြစ်ခဲ့စဉ်တုန်းက ဦးဆောင်ခဲ့သူဖြစ်ပါတယ်။