မြန်မာ ယူ ၁၆ စင်ကာပူကို ၃ ဂိုး ၁ ဂိုးဖြင့် နိုင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာက စင်ကာပူကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ပွဲချိန် ၁၂ မိနစ်မှာ မြန်မာကစားသမား ဟိန်းထက်အောင် ရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲချိန် ၃၉ မိနစ်မှာ ၀င်းနိုင်ထွန်းတို့က ဂိုးတွေ သွင်းယူခဲ့ပါတယ်။
စင်ကာပူအသင်းက ပွဲချိန် ၃၄ မိနစ်မှာ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီအတွက် ပထမပိုင်းမှာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ မြန်မာအသင်းက ထက်ဖြိုးဝေက တဂိုး ထပ်မံသွင်းယူခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနည်းပြချုပ် အဲရစ် ၀ီလျံက စင်ကာပူနဲ့ အုပ်စုဖွင့်ပွဲနိုင်ရင် နောင်လာမယ့် ၃ ပွဲကို အကောင်းဆုံးဆက်ကစားနိုင်မယ်လို့ ပွဲမကစားမီ ပြောဆိုခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။
သြဂုတ် ၁ ရက်မှာတော့ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။