အိန္ဒိယရဲနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁၂ နာရီကြာ တိုက်ပွဲဖြစ်၊ လူ ၉ ဦးသေဆုံး (ရုပ်သံ)

2.4K
အိန္ဒိယရဲတွေဟာ စစ်တပ်ဝတ်စုံဝတ် သေနတ်သမားတွေနဲ့ ၁၂ နာရီကြာတိုက်ပွဲကို ဇူလိုင် ၂၇ ရက်နေ့မှာ အဆုံးသတ်အပြီးမှာ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။
ပါကစ္စတန်နဲ့ နယ်စပ်က ပန်ဂျပ်ပြည်နယ်ရဲ့ ရှေ့တန်း ရဲစခန်းချရာ မြို့လေးမှာ ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက ခိုးယူထားတဲ့ ကားနဲ့ ရဲစခန်းဝင်းထဲ မောင်းဝင်လာပြီး အော်တိုမက်တစ် သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ သူတို့ထဲက ၃ ယောက်ကို မနက် ၅ နာရီလောက်မှာ ရဲတွေက သတ်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီနဲ့ သူ့ရဲ့ ထိပ်တန်း ဝန်ကြီးတွေက တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် ကြေညာချက်ကို မထုတ်ပြန်သေးပါဘူး။
နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံကြား ဆက်ဆံရေး ပြန်စဖို့ ကြိုးစားတဲ့ အနေနဲ့ ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အိန္ဒိယနဲ့ပါကစ်စတန် ဝန်ကြီးချုပ်တွေ တွေ့ဆုံခဲ့ ပါသေးတယ်။ ပါကစ္စတန်ကတော့ ပစ်ခတ်မှုကို ရှုတ်ချတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယပြည်သူတွေနဲ့ အစိုးရအပေါ် စာနာကြောင်း ပြောခဲ့ပါတယ်။
သေနတ်သမားတွေဟာ ပါကစ္စတန်နယ်မြေကနေ ဖြတ်ကျော်ဝင်ရောက်လာခဲ့တာဆိုတဲ့ အိန္ဒိယ လုံခြုံရေး သတင်းရင်းမြစ်ရဲ့ အဆိုပြုချက်ကို ပယ်ချမှုလည်း ဖြစ်ပါတယ်။ ပြည်နယ်ရဲချုပ်ကတော့ သေနတ်သမားတွေ ဘယ်ကလာတယ်ဆိုတာ ပြောဖို့ သိပ်စောသေးတယ်လို့ သတင်းထောက် တွေကို အခင်းဖြစ်ရာနေရာမှာ ပြောပါတယ်။
သေနတ်သမားတွေက အလိုအလျောက် ပစ်ခတ်ရတဲ့ သေနတ်တွေ ခဲယမ်းမီးကျောက်တွေနဲ့ ဗုံးသီးတွေ သယ်ထားခဲ့တာပါ ဂြိုလ်တုသုံး နေရာရှာတဲ့ ပစ္စည်း GPS စက် ၂ လုံးကိုလည်း သူတို့ဆီမှာ တွေ့ရလို့ သက်သေတွေ ရှာဖွေစစ်ဆေးမယ်လို့ သူက ဆက်ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ရဲ ၃ ယောက်နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ ရဲသတင်းရင်းမြစ်ကတော့ တိုက်ခိုက်သူတွေဟာ အိန္ဒိယက လွတ်လပ်ရေးရဖို့ ခွဲထွက်ရေး ပြောက်ကျားတွေ ကြီးစိုးရာ ဂျမူးနဲ့ကက်ရှ်မီးယား ပြည်နယ် မြောက်ပိုင်းနဲ့ နည်းနည်းပဲဝေးတဲ့ ပါကစ္စတန်နယ်မြေကနေ လွန်ခဲ့တဲ့ ၂ရက်တည်းက ဝင်လာခဲ့တာလို့ ပြောပါတယ်။
ပါကစ္စတန် အခြေစိုက် ကက်ရှ်မီးယား ခွဲထွက်ရေးခေါင်းဆောင် ကတော့ သူ့လူတွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ ဂျမူးပြည်နယ်မှာ ရဲနဲ့ စစ်သားတွေကြား လုံခြုံရေးစည်းကို တိုက်ခိုက်မှုတွေက ဖြစ်နေကျပါ ဒါပေမယ့် ဇူလိုင် ၂၇ ရက်နေ့က ပန်ဂျပ်ပြည်နယ် တိုက်ခိုက်မှုကတော့ ၁၃ နှစ်အတွင်း ပထမဆုံးဖြစ်တယ်လို့ စစ်သွေးကြွ တိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ တောင်အာရှ အကြမ်းဖက်မှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ သတင်းအချက် အလက်တွေက ဆိုပါတယ်။