ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဖိလစ်ပိုင်သမ္မတ အောက်လွှတ်တော်ကို တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်သမ္မတ ဘနစ်နို အကွီနိုက  ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တနိုင်ငံလုံးကို ပြောတဲ့ နောက်ဆုံးမိန့်ခွန်းအတွင်း လွှတ်တော်အမတ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အဂတိလိုက်စားမှုကို ပစ်မှတ်ထားဖို့နဲ့ မွတ်စလင်သူပုန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေကို ဆက်လုပ်ဖို့ အောက်လွှတ်တော်ကို တိုက်တွန်းတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ညံ့ဖျင်းတဲ့ အလုပ်သမားရေးရာ မူဝါဒတွေကို ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြနေချိန်မှာ ဇူလိုင် ၂၇ ရက်နေ့က ခုလို တိုက်တွန်းလိုက်တာပါ။ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ဖို့ ဥပဒေအရ တားမြစ်ခံရတဲ့ အကွီနိုဟာ သူ့ရဲ့ ပြည်ထဲရေးဝန်ကြီး မန်နျူရယ် ရောက်ဆက်ကို မေလ ၂၀၁၆ ရွေးကောက်ပွဲအတွက် သူ့ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ဒီ သီတင်းပတ်မှာပဲ ကြေညာမယ့်ပုံရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ အကွီနို အစိုးရလက်ထက်မှာ ဖိလစ်ပိုင်ရဲ့ စီးပွားရေးဟာ ပျမ်းမျှ ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့တဲ့အတွက် အနှစ်လေးဆယ်အတွင်း အကောင်းဆုံးငါးနှစ် စံချိန် ဖြစ်ခဲ့တာပါ။ အလုပ်အကိုင် နေရာနည်းနည်းကိုလည်း ဖန်တီးနိုင်ခဲ့တယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဖိလစ်ပိုင် ဒီမိုကရေစီ သူရဲကောင်း ၂ ယောက်နဲ့ သမ္မတဟောင်း ကိုရာဇံ အကွီနိုတို့ရဲ့သား ဘနစ်နို အကွီနိုဟာ သူ့ရဲ့ မူဝါဒတွေက တာရှည်ခိုင်မြဲတာ သေချာအောင် လုပ်ချင်ခဲ့တာပါ။ အောက်လွှတ်တော် အဆောက်အဦရဲ့ အပြင်ဘက်မှာတော့ လွှတ်တော်ဝင်ပေါက်ကို ပိတ်ထားတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၄၀၀၀ လောက်ကို ရဲတွေက မီးသတ်ပိုက်တွေကို သုံးရင်း ဖယ်ရှားနေပါတယ်။ ဆန္ဒပြ သူရဲကောင်းမဟာမိတ်သစ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်ကတော့ စီးပွားရေး တိုးတက်တာကို လုပ်ငန်းကြီးတွေကသာ ခံစားရပြီး ပြည်သူအများစုက အလုပ်လက်မဲ့နဲ့ အင်မတန်နိမ့်တဲ့ လစာတွေကြောင့် ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေက အကွီနိုရဲ့ ပုံစံတူ အရုပ်ကိုလည်း မီးရှို့ခဲ့ကြပြီး အခွင့်အလမ်း မရှိမှုနဲ့ ဝင်ငွေနည်းမှုတွေအတွက် အစိုးရရဲ့ ညံ့ဖျင်းတဲ့ အလုပ်သမား မူဝါဒတွေကို အပြစ်တင်ခဲ့ကြ ပါတယ်။

More News
Up