A d v e r t i s e m e n t With Us

ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလုပ်မည့် အထူးကုမ္ပဏီဖွဲ့စည်းရန် အစိုးရဖိတ်ခေါ်

မြန်မာနိုင်ငံမှာ ၄ ခုမြောက် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် အထူးလုပ်ငန်းကုမ္ပဏီတခု ဖွဲ့စည်းလုပ်ကိုင်လိုသူတွေအနေနဲ့ အဆိုပြုလွှာတင်သွင်း လျှောက်ထားနိုင်တယ်လို့ အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက  အဆိုပြုလွှာတွေ ခေါ်ယူလိုက်တာဖြစ်ပြီး စိတ်ဝင်စား လျှောက်ထားမယ့်ကုမ္ပဏီဟာ ကျပ်ငွေ ၃ ဘီလီယံ မတည်ရင်းနှီး ထည့်ဝင်ထားတဲ့ အနည်းဆုံးသက်တမ်း ၃ လရှိ အများပိုင်ကုမ္ပဏီဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အခုလို အများပိုင်ကုမ္ပဏီတွေနဲ့ အထူးလုပ်ငန်းကုမ္ပဏီ ဖွဲ့စည်းတာဟာ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရယူသုံးစွဲနိုင်မယ့် အထူးလုပ်ငန်းကုမ္ပဏီတစ်ခု (Special Purpose Vehicle) ဖြစ်လာဖို့ ရည်ရွယ်ပြီး  ဒီကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်း ရှာဖွေမယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန  ညွှန်ကြားရေးမှူး ဦးချစ်ဝေက ဒီဗွီဘီကို ပြောပါတယ်။ “ကုမ္ပဏီဖွဲ့စည်းပြီးမှ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင်လုပ်နိုင်ဖို့ ပရောဂျက်ဆွဲရမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏကို လောလောဆယ် မသိနိုင်သေးပါဘူး။ ဒီကုမ္ပဏီဖွဲ့ပြီးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူရှာမယ်။ အစိုးရအနေနဲ့ကတော့ ရှယ်ယာ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက် ပါနိုင်ပါတယ်။” ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံမရှိတဲ့ အများပိုင်ကုမ္ပဏီတွေလည်း လျှောက်ထားနိုင်ပြီး သြဂုတ်လ ၂၄ ရက် နောက်ဆုံးထား လျှောက်လွှာတင်သွင်းရမယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ လက်ရှိ မြန်မာပြည်တွင်း ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီ၊ ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အမ်ပီတီတို့ကို အစိုးရက တရားဝင်ချပေးထားတာပါ။ မြန်မာ့စီးပွားရေးဦးပိုင်က လုပ်ဆောင်နေတဲ့ အမ်အီးစီကတော့ သီးခြားလိုင်စင်နဲ့ လုပ်ဆောင်နေတာမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အမ်ပီတီလက်အောက်မှာ ၀န်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up