ကျည်ဆန် ၅၀၀၀ ဖြင့် ရုရှားသမ္မတပုံကို သရုပ်ဖော် (ရုပ်သံ)

ယူကရိန်း အရှေ့ပိုင်း ရှေ့တန်း စစ်မြေပြင်က ကျန်တဲ့ ကျည်ဆန်ခွံ ၅၀၀၀ ကို ၀ယ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ပုံကို သရုပ်ဖော်တဲ့ ယူကရိန်း အနုပညာရှင် ဒါရီယာ မာရှန်ကိုက နာမည်ကြီးလာပါတယ်။ ပူတင်ရဲ့ ပုံဖော်ထားတဲ့ ကင်းဗတ်ပြားက ၂ မီတာလောက် အမြင့်ရှိပြီး စစ်ပွဲရဲ့ မျက်နှာလို့ ပန်းချီကားကို အမည်ပေးထားတယ်လို့ မာရှန်ကိုက ပြောပါတယ်။ "ကျမအတွက်တော့ စစ်ရဲ့မျက်နှာက ဗလာဒီမာ ပူတင်ပါ၊ ဘာကြောင့်လဲဆိုတော့ သူက အမိန့်တွေနဲ့ လိမ်ညာမှုတွေ လုပ်ခဲ့ပါတယ်”လို့ မာရှန်ကိုက ပြောပါတယ်။ ဒီလက်ရာက ဂုဏ်၊ နောင်တစတဲ့ စိတ်ခံစားမှုမျိုးစုံကို ပုံဖော်နိုင်သလို ပန်းချီကား အတွက် နှစ်ဝက် အချိန်ယူရတယ်လို့ ဆိုပါတယ်။ အရင်နှစ် ဧပြီလကစပြီး ယူကရိန်းနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ အဆိုးဝါးဆုံး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မာရင်ကာမြို့၊ ပစ်ကီရွာ၊ ဒိုးနက်စ်လေဆိပ်စတဲ့နေရာက ကျည်ခွံတွေကို အသုံးပြုပုံဖော်ခဲတာ ဖြစ်ပါတယ်။ ပူတင်ပုံကို မဖော်ခင် သုတေသနကို သေသေချာချာလုပ်ခဲ့ပြီး ရှုပ်ထွေးတဲ့ ပင်ကို စရိုက်ကို ပုံဖော်နိုင်မယ်လို့ မှတ်ထင်ထားတယ်လို့ မာရှန်ကိုက ပြောပါတယ်။ အရောင်အမျိုးမျိုးကွဲပြားတဲ့ ကျည်ဆံခွံ ၈ မျိုးနဲ့ သရုပ်ဖော်ထားတာဖြစ်သလို ဒီပုံကို ပထမအကြိမ် ထုတ်ဖော်ပြသချိန်မှာ လူမှုရေးကွန်ယက်မှာ အကြိမ် ၄ ထောင်ကျော် ဖြန့်ဝေပြီး ဖြစ်ပါတယ်။ ဒီ စစ်ပွဲရဲ့မျက်နှာစာဆိုတဲ့ ပန်းချီကားဟာ လူထုကို ချပြမယ့် ပန်းချီကား ၅ ခုထဲက ပထမဆုံး ပန်းချီလက်ရာလည်း ဖြစ်ပါတယ်။ စစ်ရဲ့ ဦးနှောက်၊ စစ်ရဲ့ စိတ်ဓာတ်ဆိုတဲ့ ပန်းချီကားတွေလည်း နောက်ပိုင်းမှာ ထပ်ပြသွားမှာ ဖြစ်ပါတယ်။ ဒီပန်းချီကားတွေကို ဖန်တီးရာမှာလည်း ရှေ့တန်း စစ်မျက်နှာစာမှာ  အသုံးပြုခဲ့တဲ့ ဗုံ၊ လောင်ချာနဲ့ တခြားလက်နက် အစိတ်အပိုင်းတွေကို အသုံးပြုထားပါတယ်။ ယူကရိန်းမြို့တော်မှာ မွေးဖွားတဲ့ မာရှန်ကိုဟာ သရီးဒီ ဂရပ်ဖစ် ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး အလုပ်လုပ်ဆောင်ခဲ့ပါတယ်။ အရင်ယူကရိန်း သမ္မတ ဗစ်တာ ယန်နုကိုဗစ်ခ်ျကို နှုတ်ထွက်သွားစေတဲ့ တော်လှန်မှုဖြစ်ပွားတဲ့ ကိယက်က လွတ်လပ်ရေး ရင်ပြင်က ကျည်ဆန်တွေကို လက်တွဲဖော်က စုဆောင်းခဲ့ပြီးနောက် အခုလို ကျည်ဆန်နဲ့ သရုပ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up