ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲမှု ပြောင်းလဲသွားမည်ဟု ဟီလာရီ ကလင်တန် ကတိပေး

ဓာတ်ပုံ- ရိုက်တာ
အမေရိကန်သမ္မတလောင်း ဟီလာရီက လာမယ့် ၁၀ စုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှုကို သိသိသာသာ ပြောင်းလဲသွားမယ်လို့ ဇူလိုင် ၂၆ ရက်နေ့က အိုင်အိုဝါပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ကတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ တဦးရဲ့ မျှော်မှန်းချက်အဖြစ် လာမယ့် ၁၀ နှစ်အတွင်း အမေရိကန် အိမ်ထောင်စုတိုင်းရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က အလုံအလောက် ထောက်ပံ့ပေးနိုင်ဖို့ ရည်မှန်းချက်ထားတယ်လို့ ထောက်ခံသူတွေကို ပြောပါတယ်။ ၄ နှစ်အတွင်းမှာပဲ အမေရိကန်နိုင်ငံတ၀န်း ဆိုလာပြား အချပ်ရေ ဘီယီယံဝက် ထုတ်လုပ်သုံးစွဲသွားဖို့လည်း ရည်မှန်းထားတယ်လို့ ကတိပြုပါတယ်။ ဒီရည်မှန်းချက် ၂ ခုကတော့ ဟီလာရီရဲ့ ကမ္ဘာ့ရာသီဥတု အပြင်းအထန် ပြောင်းလဲမှုကို ကာကွယ်ဖို့ ပထမဆုံး လျာထားတဲ့အစီအစဉ်တွေ ဖြစ်ပါတယ်။ ဒီအစီအစဉ်အတိုင်းသာ အကောင်အထည် ဖော်ဖြစ်မယ်ဆိုရင် လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုရဲ့ ၇၀၀ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်နိုင်တာဖြစ်ပြီး အမေရိကန်နိုင်ငံ တနိုင်ငံလုံးရဲ့ စွမ်းအင်လိုအပ်ချက်ရဲ့ အနည်းဆုံး ၃ ပုံ ၁ ပုံ ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ထောက်ပံ့ပေးသွားမှာပါ။ လက်ရှိ လောင်စာဆီကို အခြေခံတဲ့ အမေရိကန်စီးပွားရေးကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အခြေခံတဲ့ စီးပွားရေးကို ပြောင်းလဲနိုင်ပြီလို့လည်း ဟီလာရီ ပြောပါတယ်။ ဟီလာရီဟာ သမ္မတ အိုဘားမားရဲ့ လက်ရှိစွမ်းအင်မူဝါဒထက် ပိုပြီး ထိရောက်ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ဖို့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သုံးစွဲမှုကို ထိထိရောက်ရောက် အားပေးမယ့် အစီအစဉ်တွေကို ချမှတ်ရေးဆွဲဖို့လည်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေရဲ့ ဖိအားပေးခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up