အိုင်အက်စ်စစ်သွေးကြွများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန် ဗြိတိန်နှင့် အင်ဒိုးနီးရှား လက်တွဲမည်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ဆုံပြီး လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေကို အတူတွဲလုပ်ရေး ဆွေးနွေးခဲ့ပါတယ်။ ဗြိတိန်ဟာ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ဘုံရန်သူအဖြစ် ပူးတွဲ ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုနီးရှားနဲ့ လက်တွဲ လုပ်ကိုင်မယ်လို့လဲ ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟာ ၄ ရက်ကြာ ကုန်သွယ်ရေးလုပ်ငန်းစဉ်အတွင်း ပထမဆုံးအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို ရောက်နေတုံး ခုလို မှတ်ချက်ပေး ပြောဆိုတာပါ။ အင်ဒိုနီးရှား သမတနဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း ဗြိတိန်ဝန်ကြီးချုပ်က အင်ဒိုနီးရှားကို ထောက်ပံ့ဖို့ အကြမ်းဖက်မှုတန်ပြန်ရေး လုပ်ဆောင်ချက်တွေ အစုံလိုက် ပံ့ပိုးမယ်လို့ ကြေညာပါတယ်။ “ဘာလီနဲ့ ဂျကာတာကလေဆိပ်တွေမှာ လုံခြုံရေးတိုးမြှင့်ဖို့တွေပါမယ် အကြမ်းဖက်မှုကို စုံစမ်း စစ်ဆေးဖို့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်မယ်၊ အင်ဒိုနီးရှားအကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲအရာရှိ အယောက်ငါးဆယ်ကို ဗြိတိန်မှာခေါ်ပြီး သင်တန်းပေးမယ် တချိန်တည်းမှာ အစွန်းရောက်မှုတွေကို တန်ပြန်ဖို့ အင်ဒိုနီးရှားရဲ့ချဉ်းကပ်ပုံကို ဗြိတိန်က သင်ယူနိုင်မယ်။ အိုင်အက်စ်တွေဟာ ဘုံရန်သူ ဖြစ်လို့ ကျနော်တို့ကျွမ်းကျင်မှုတွေကို မျှဝေတာ မှန်ကန်တယ်။” ကမ္ဘာ့အကြီးဆုံး မွတ်စလင်ဦးရေ ရှိရာ အင်ဒိုနီးရှားနိုင်ငံက လူအယောက် ၅၀၀ လောက်နဲ့ မလေးရှားနိုင်ငံက လူအယောက် ၂၀၀ လောက်ဟာ အီရတ်နဲ့ ဆီးရီးယားက အစွန်းရောက်တွေနဲ့ ပူးပေါင်းခဲ့ကြတယ်လို့ ယုံကြည်ထားပါတယ်။ ဗြိတိန်ကတော့ သူ့နိုင်ငံတွင်း ပြည်တွင်းအကြမ်းဖက်မှု တပ်လှန့်ချက်ကို ဒုတိယအမြင့်ဆုံး အဆင့်ကို မနှစ်က သြဂတ်စ်လတည်းက မြှင့်တင်ခဲ့ပါတယ်။ အင်ဒိုနီးရှား ပြည်ပတင်ပို့ကုန် တွေ ဗြိတိန်ကို စတာလင်ပေါင် သန်း၂၀၀ဖိုး တင်ပို့နိုင်ရေး လိုအပ်တဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေကို ဘဏ္ဍာငွေကူညီဖို့ ဗြိတိန်အစိုးရဟာ အင်ဒိုနီးရှားကို စတာလင်ပေါင် ၁ ဘီလျံထိ ငွေချေးပေးနိုင်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ စီမံကိန်းတွေထဲမှာ မြို့တော်ဂျကာတာမှာ စတာလင်ပေါင် သန်း ၄၀၀ တန် ရေဆိုးသန့်စနစ်အတွက်နဲ့ စတာလင်ပေါင် ၆၆ သန်းတန် မြေပူငွေ့စွမ်းအင် စီမံကိန်းတို့လည်း ပါဝင်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟာ စီးပွားရေး အကြပ်ရိုက်နေတဲ့ ဥရောပနဲ့ ကုန်သွယ်ရေးမှာ မှီခိုနေရမှုကို အလျော်အစားပေးဖို့ တကမ္ဘာလုံးနဲ့ ကုန်သွယ်ရေး အချိတ်အဆက်ရမှု တိုးချဲ့ဖို့ လိုလားနေပါတယ်။ သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်ဟာ စတာလင်ပေါင် သန်း ၇၅၀ ကျော်ဖိုး ကုန်သွယ်ရေး သဘောတူညီချက်တွေရဖို့ မျှော်လင့်ထား ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up