ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က စရဖရုံးနဲ့ ဓမ္မာရုံတွေမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့ မနေ့ညနေက ဝင်ရောက်ပစ်ခတ်ခဲ့သလို အရပ်သားတွေကိုပါ ပစ်ခတ်မှုကြောင့် အသက် ဆယ့်သုံးနှစ်အရွယ် အရပ်သား မိန်းကလေးငယ်တဦးအပါအဝင် အနည်းဆုံး သုံးဦး သေဆုံးသွားပြီလို့ မြို့ခံတဦးက ပြောပါတယ်။
မနေ့ နေ့လယ် လေးနာရီခန့်က မျက်နှာဖုံးစွပ် အရပ်ဝတ်လက်နက်ကိုင် လေးဦးက ဝင်ရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။
အမည်မသိ သေနတ်သမားတွေဟာ ကားတစီးကို ချောဆွဲပြီး မြို့တွင်းဝင်ရောက်လာပြီး နှစ်ဦးက ဈေးအနီးက စရဖရုံးကို ဝင်ရောက်ပြီး သေနတ်နဲ့ပစ်ခတ်လို့ စရဖ တပ်ကြပ် ကျော်ကျော်အောင် ပွဲချင်းပြီး သေဆုံးခဲ့သလို စရဖအရာရှိ ဦးစိုးဝင်းလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ခံက ဆိုပါတယ်။
သေနတ်သမားကျန်နှစ်ဦးက ဓမ္မာရုံမှာ ချိန်ကိုက်မိုင်းထောင်ပုံရပြီး ဒီနောက် ပစ်ခတ်သူနှစ်ဦးနဲ့ မိုင်းထောင်သူ နှစ်ဦးဟာ ကားပေါ်ပြန်တက် မောင်းပြေးတယ်လို့ ဆိုပါတယ်။
ဒီနောက် ဈေးအလွန်နားက ရွှေဆိုင်တခုအနားရောက်မှာ အဝေးထိန်းနဲ့ ဓမ္မာရုံထဲက ထောင်ထားတဲ့မိုင်းကို ခွဲလိုက်ပြီး အပြစ်မဲ့ပြည်သူတွေထံကို လှည့်ပတ်ပစ်ခတ်ခဲ့တာလို့ မြို့ခံက ပြောပါတယ်။
“ပုံစံက ကားကို မြို့ထဲလောက်က ချောဆွဲတဲ့ ပုံစံမျိုးသုံးတာ။ လာတာတော့ ဆိုင်ကယ်နဲ့ပဲ။ စရဖရုံးထဲကို နှစ်ယောက်ဝင်ပစ်တာ။ အဲဒီမှာ ပစ်ခံထိတဲ့ စရဖ တယောက်သေသွားတယ်။ တကိုယ်လုံးပွင့်သွားတယ်။ ကားပေါ်တက်ပြီးတော့ ဈေးအပေါ်နားမှာ ဦးနိပွန် ဒေါ်စောမြိုင် ရွှေဆိုင်ဆိုတာရှိတယ်။ အဲဒီနားလောက်ကို ရောက်မှ သူက အဝေးထိန်းနဲ့ လှမ်းခွဲပြီးတော့ အဲဒီ ရွှေဆိုင်ရှေ့မှာပဲ ပစ်ချလိုက်တာ။ အဝေးထိန်း ပစ်ချပြီးတော့ ပတ်ရမ်းလိုက်တာ ဆိုင်ကယ်သမားတယောက် ထိတယ်။ ပြီးတော့ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်နေတဲ့ ကောင်မလေး အသံကြားလို့ ထွက်ကြည့်တာ တယောက်ထိတယ်။ ကောင်မလေးက မနေ့ကတည်းက သေသွားတယ်။ ဆိုင်ကယ်သမားကို ကြိုးစားပြီးကုတာ ဒီနေ့နေ့လယ် ၁၁ နာရီလောက်မှာ ဆိုင်ကယ်သမား သေသွားတယ်။”
ဆံပင်ညှပ်ဆိုင်ကနေ ထွက်ကြည့်ရင်း သေဆုံးသူ အမျိုးသမီးငယ်ဟာ နော်ချစ်စနိုးဦးဖြစ်ပြီး ဒီကနေ့ အသုဘချပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ ကြံတောနယ်စပ် ဂိတ်မှူး နိုင်အောင်ချမ်းဟာ မနေ့ညနေက ဘုရားသုံးဆူမြို့ထဲကို ဈေးဝယ်သွားရင်း သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လက်နဲ့ခြေထောက်တွေမှာ ထိမှန်ဒဏ်ရာရသလို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဂျပန်ရေတွင်း ဆေးရုံတက်နေရပြီး ညဘက်လက်ခလယ်တချောင်း ဖြတ်လိုက် ရပါတယ်။
“စရဖတယောက်က အရင်ထိတယ်။ နောက်ထွက်ပြေးတဲ့အချိန်မှာ ဓမ္မာရုံကို ဗုံးခွဲတယ်။ ကျနော့်ကို ရပ်ဆိုပြောပြီးတာနဲ့ တခါတည်းပစ်ထည့်တာပဲ။ ကျနော့်လက်နှစ်ဖက် ထိတယ်။ နောက်မှ တချက်ထပ်ပစ်တော့ ခြေထောက်ထိတယ်။”
ဒီပစ်ခတ်မှုရဲ့ လက်သည်ကို မဖော်ထုတ်နိုင်သေးသလို ပစ်ခတ်သူတွေကလည်း ဘာတောင်းဆိုချက်မှ ထုတ်ပြန်တောင်းဆိုတာမရှိပါဘူး။
ဘုရားသုံးဆူရဲက သေနတ်သမားတွေ ပစ်ချကျန်ရစ်တဲ့ ရီမုဒ်ကွန်ထရိုးတခုကို သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာလည်း ဘုရားသုံးဆူအပြင်ဘက် မဲ့ကသာရွာဘက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ပစ်ခတ်မှုဖြစ်ချိန်ဟာ ဘုရားသုံးဆူမြို့ပေါ်က တပ်အပြောင်းအရွှေ့ကာလဖြစ်ပြီး အရင်တုန်းကဆို တပ်အပြောင်းအရွှေ့ချိန်ဆို စစ်သားတွေ လုံခြုံရေးရှိနေပေမယ့် မနေ့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မရှိတာ ထူးခြားမှုတခုဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့အဝင် ထိုင်း-မြန်မာနယ်စပ် ဂိတ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အတွင်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲနေ့ကစပြီး တိုက်ပွဲတွေ၊ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။