အစ္စရေး လုံခြုံရေးနှင့် ပါလက်စတိုင်းလူငယ်များ ဗလီကျောင်းဝင်းထဲ ပဋိပက္ခဖြစ် (ရုပ်သံ)

2.9K
အရှေ့ဂျေရုဆလင်က ဘာသာရေးအထွတ်အမြတ်နယ်မြေဖြစ်တဲ့ အယ်ကဆာ ဗလီကျောင်းဝင်းထဲမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းလူငယ်တွေ ဇူလိုင် ၂၆ ရက်နေ့က ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။
အယ်ကဆာဗလီဝန်းထဲကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေ မ၀င်ရောက်နိုင်အောင် ပါလက်စတိုင်း လူငယ်တွေက အရံအတားတွေနဲ့ ကာရံထားကြတယ်လို့ ပါလက်စတိုင်းတွေက ဆိုပါတယ်။
အဲ့ဒီအရံအတားတွေကို အစ္စရေးလုံခြုံရေးတွေ သွားရောက်ဖယ်ရှားတဲ့အချိန်မှာ ပါလက်စတိုင်း လူငယ်တွေက ကျောက်ခဲတွေနဲ့ ပစ်ခဲ့လို့ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်လူစုခွဲရင်း နှစ်ဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။
အစ္စရေးမီဒီယာတွေကတော့ ဂျူးဘာသာရေးနယ်မြေ အနောက်ဖက်အုတ်တံတိုင်းကို ဂျူးလူမျိုးတွေ သွားမ၀တ်ပြုနိုင်အောင် ပါလက်စတိုင်းတွေက ရည်ရွယ်လုပ်ဆောင်တာလို့ ဖော်ပြကြပါတယ်။
အယ်ကဆာ ဗလီဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်အထားဆုံး သာသနာနယ်မြေတခုဖြစ်သလို အရှေ့ဂျေရုစလင်မှာလည်း ဂျူးလူမျိုးတွေအတွက် ဘာသာရေး အထွတ်အမြတ်နယ်မြေတခုဖြစ်နေတာပါ။
နှစ်ဖက်ပဋိပက္ခအတွင်း ဘယ်ဘက်ကမှ အပြင်းအထန် ဒဏ်ရာရရှိခဲ့တာမရှိပေမယ့် ပါလက်စတိုင်း ၆ ဦးကတော့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းထောက်တဦးက ပြောဆိုပါတယ်။
ဗလီဝင်းအခြေအနေကို ထိန်းသိမ်းထားနိုင်ပြီး ပွဲတော်ရက်အတွင်း နောက်ထပ်ပြဿနာတွေ မဖြစ်အောင် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုတဲ့ အယ်ကဆာဗလီဘက်မှာပါ ဂျူးတွေကို သွားရောက်ဝတ်ပြုနိုင်အောင် အစ္စရေးအစိုးရက ဆောင်ရွက်ဖို့ ဂျူးဝါဒစွဲပြင်းထန်သူတွေက တွန်းအားပေးနေတာပါ။
ဒါပေမယ့် အဲ့လိုခွင့်ပြုလိုက်ရင် အစ္စလာမ်ဘာသာဝင်တွေကို အကြီးအကျယ်ပြဿာနာတက်မှာဖြစ်တဲ့အတွက် ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ ဒီနေရာကို သိမ်းပိုက်ခဲ့ပြီးကတည်း အဲ့လိုမွတ်စလင်ဗလီဘက်မှာ ဂျူးတွေသွားရောက်ဝတ်ပြုတာကို အစ္စရေးအစိုးရက ပိတ်ပင်ခဲ့တာပါ။