၁၁ ပါတီ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီဖွဲ့စည်း
DVB
·
June 7, 2011
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက ဒီမိုကရက်တစ်အင်အားစုနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်း သားနိုင်ငံရေးပါတီ ၁၁ ပါတီ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီက မကြာခင်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် “ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ” ကော်မတီတရပ်ကို ဖွဲ့စည်းလုပ်ဆောင်နေကြပါတယ်။
ဒီလ ၂ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ ဒီကော်မတီကနေ အကောင်အ ထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်း တင်အောင်က အခုလို ပြောပြပါတယ်။
“နှစ်ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မိတ်ဆွေပါတီများ ၁၁ ပါတီ အစည်းအဝေးလုပ်တယ်လေ။ အဲဒီ နှစ်ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုတာ ပေါ့။ ပြီးရင် ၁ဝ ရက်နေ့မှာ ပထမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေး စမယ်။ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီကျတော့ အရင်ရွေးကောက်ပွဲလို ကိုယ့်ဘက်က အားနည်းချက်တွေ မဖြစ်အောင်ရယ်၊ မထပ်အောင်ရယ်၊ မလပ်အောင်ရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲ မဲရုံကိုယ်စားလှယ်တွေ အပြည့်အဝရရေး၊ ပြီးတော့ ဒီမိုကရက်တစ်ပါတီတွေ တကယ်မဟာမိတ်လုပ်ပြီးတော့ ကျန်တဲ့ ကြံ့ခိုင်ရေးတို့ တစညတို့နဲ့ စီးချင်းထိုးနိုင်အောင်။”
ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီထဲမှာတော့ ဒီမိုကရက်တစ်ပါတီ (မြန် မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည် ထောင်စုဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီ၊ ညီညွတ် သောဒီမိုကရက်တစ်ပါတီ၊ ဝံသာနုအန်အယ်လ်ဒီနဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ် များအဖွဲ့ချုပ် ပါတီတို့ ပါဝင်ထားပါတယ်။
လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော် မရှင်ကနေ ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး နေ့ရက်အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးသလို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေရဲ့လစ် လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်မြေတွေကိုလည်း ထုတ် ပြန်ကြေညာခြင်း မရှိသေးပါဘူး။