Home
မြန်မာသတင်း
မျက်လုံး ရွှေ့လျားမှုဖြင့် ပီယာနို တီးခတ်မည့် ခေါင်းဆောင်း
DVB
·
July 26, 2015
အဆင့်မြင့်တုပ ရုပ်မြင်ပတ်ဝန်းကျင် စနစ်ပါ ခေါင်းဆောင်းဟာ ဖျော်ဖြေရေးလုပ်ငန်းအတွက် အသစ်အဆန်းတခုဖြစ်လာသလို မသန်စွမ်းဖြစ်နေသူတွေကို အပြန်အလှန်တုံ့လှယ်နိုင်မယ့် ဆက်သွယ်ရေးစနစ်ကို ပေးစွမ်းနိုင်မယ်လို့ တီထွင်သူတွေက ဆိုပါတယ်။ FOVE (ဖို့ဗ်) လို့ ခေါ်တဲ့ ဒီခေါင်းဆောင်းမှာ မျက်လုံးရွေ့လျားမှု ထောက်လှမ်းနည်းပညာပါတာမို့ ၀တ်ဆင်သူအဖို့ လက်တွေ အသုံးပြုစရာမလိုဘဲ မျက်လုံးရွေ့လျားလိုက်ရုံနဲ့ လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်နိုင်မှာမို့ ရုပ်မြင် ပတ်ဝန်းကျင်တခုလုံး ကိုယ့်ဘေးရောက်နေသလိုမျိုး ခံ့စားရစေမှာဖြစ်ပါတယ်။ ဒီကိရိယာရဲ့ဘက်စုံသုံးနိုင်ပုံကို သရုပ်ပြဖို့ ဂျပန်နိုင်ငံ ဆုခုဘတက္ကသိုလ်ရဲ့ မသန်းစွမ်းများ ပညာသင်ကျောင်းမှာ အစောပိုင်းအောင်မြင်ပြီးသား ရှေ့ပြေးပုံစံကို ဆန်းသစ်တီထွင်ခဲ့ပါတယ်။ ဒီခေါင်းဆောင်းနဲ့တွဲဖက်ပြီး မျက်လုံးရွေ့လျှားမှုနဲ့ ပီယာနိုရဲ့ ဂီတသင်္ကေတတွေကို သက်ဝင်မြည်ဟည်းလာစေမယ့် "Universal Piano" ကို ဖန်တီးခဲ့ကြပါတယ်။ အကြည့်နဲ့တီးခတ်နိုင်ဖို့ ပီယာနို ခလုတ်တွေကို ချိတ်ဆက်တုံ့ပြန်မယ့် ကြားခံတစ်ခုဖြစ်အောင် ပြန်လည်ပြင်ဆင်ထားတာမို့ တစ်သံတည်းရော မိတ်ဖက်သံတွဲတွေကတဆင့် တိကျသလောက် ကြွယ်ဝတဲ့ ဂီတသံစဉ်တွေကို ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပါတယ်။ FOVE ခေါင်းဆောင်းဟာ ခုဆိုရင် မေလကစတင်ခဲ့တဲ့ လူထုရန်ပုံငွေကောက်ခံပွဲမှာ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီအဖို့လည်း မူလရည်မှန်းထားတဲ့ မတည်ငွေ ကန် ဒေါ်လာ နှစ်သိန်းခွဲကို သုံးရက်အတွင်း ရရှိခဲ့ပြီး ဆန်ဆောင်းကုမ္ပဏီရဲ့ ပံ့ပိုးမှုကိုပါရရှိခဲ့ပါတယ်။ ခေါင်းလှုပ်ရှားမှုကို အာရုံ အရှိန်နှုန်းတိုင်း ကိရိယာနဲ့အတူ ခေါင်းဆောင်းအတွင်းတပ်ဆင်ထားတဲ့ မျက်လုံးထောက်လှမ်းကင်မရာတွေက သုံးစွဲသူအဖို့ (၃၆၀) ဒီဂရီ လှည့်ပြီး ရုပ်မြင်ဝန်းကျင်ကို ကြည့်နိုင်သလို မျက်လုံးနဲ့ တုပရုပ်မြင်စနစ်ကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ တီထွင်သူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင်းဟာ လူများစွာအဖို့ အထူးသဖြင့် ခြေလက်သုံးရတာ ခက်နေသူတွေအဖို့ ကမ္ဘာသစ်တခုကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ "ကျနော်ထင်ပါတယ်။ ကိုယ့်ခံစားချက်တွေကို အပြည့်အစုံ ဖော်ပြဖို့ အခက်တွေ့နေတဲ့ မသန်စွမ်းသူတွေအဖို့ သူတပါးအကူအညီမပါဘဲ သူတို့နှစ်သက်တဲ့အရာတွေပေါ်မှာ ခံစားကြည်နူးနိုင်မှာပါ။ ဒါပေမယ့် ခေါင်းဆောင်းရုပ်မြင်စနစ်နဲ့အတူ သုံးစွဲသူက သူ့မျက်လုံးနဲ့ ဒီခေါင်းဆောင်းကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ခံစားချက်ကို ဖော်ပြနိုင်အောင် တကိုယ်တည်း ဇိမ်ယူရင်း ကိုယ်ပိုင်ကမ္ဘာတခု ဖန်တီးနိုင်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်" လို့ အမှုဆောင်ချုပ်ရုံးမှ ယုကကိုဂျိမ က ဆိုပါတယ်။ ဖို့ဗ်ခေါင်းဆောင်း တွဲဖက်တီထွင်သူနဲ့ နည်းပညာ အရာရှိချုပ် လော့ခလိန်းဝီလ်ဆန်ကတော့ သူတို့ရဲ့ပြိုင်ဘက်ကင်းနည်းပညာဟာ အခြားဘာနဲ့ မတူအောင် ရုပ်မြင်ပတ်ဝန်းကျင်ထဲ ကိုယ်တိုင်နစ်ဝင် ရောယှက်သွားတဲ့အတွေ့အကြုံကို ခံစားရမှာပါလို့ ဆိုပါတယ်။ "ကျနော်တို့မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ မျက်လုံးရွေ့လျားမှု အာရုံခံနည်းပညာ ရှိထားပါတယ်။ ဒီတော့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေလို ဂိမ်းတွေဖန်းတီးနိုင်တယ်။ ပြောရရင် လူကြီးမင်းကိုယ်တိုင် စက္ကောမလူသားဖြစ်လို့ရသလို ဂိမ်ထဲက ပုံရိပ်တခုကို ကြည့်လိုက်ရုံနဲ့ မူလထက် ပိုမိုတောက်ပလာပြီး သတင်းအချက်အလက်တွေပေါ်လာတဲ့အခါ စကန်လုပ်ချင်ရင်လည်း လုပ်နိုင်ပါတယ်။ မျက်စိတစ်ဖက်မှိတ်ပြီး ကျန်တစ်ဖက်နဲ့ ပုံရိပ်ချဲ့ကြည့်တာမျိုးလည်း လုပ်နိုင်ပါတယ်။ သရဲဂိမ်းတွေ ကစားတဲ့အခါ အရာဝတ္ထုတွေကို စိုက်ကြည့်လိုက်ရုံနဲ့ ပျောက်ကွယ်သွားမှာပါ။ ဟာ .. ဘယ်လိုဖြစ်သွားပါလိမ့် .. လို့ တွေးမိမှာပါ။ ကျနော်တို့ရဲ့ နည်းပညာကိုသုံးပြီး နည်းလမ်းသစ်တွေနဲ့ ကစားရမှာမို့ အတွေ့အကြုံတွေ အတွေးအမြင်တွေရရှိလာစေမှာပါ။" တိုကျိုမြို့မှာ ဒီခေါင်းဆောင်းသစ်ရဲ့ စွမ်းရည်တွေနဲ့ပတ်သက်လို့ လူထုရှေ့မှောက်ပြသတဲ့ပွဲမှာ လာရောက်ကြည့်ရှုသူတွေအဖို့ ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။ "သေချာတာက ကိုယ်ကိုယ်တိုင် ဒီဂိမ်းထဲမှာ တသားတည်းပါဝင်ရောယှက်သွားသလိုမျိုး ခံစားရတဲ့အဖြစ်ပါ။ အစတုန်းက ဒီဂိမ်းဆော့ဖို့ မျက်လုံးပဲလှုပ်ရှားရမယ်လို့ ထင်တာ။ နောက်တော့ ခေါင်းကို လှုပ်လိုက်တော့ စခရင်ကပါ လိုက်ရွေ့လာတာကိုး။ သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါ တယ်" လို့ ပြပွဲလာသူ ဟိုဒကမိုရိယမ က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က တိုကျိုတက္ကသိုလ်စီမံကိန်းအဖြစ် စတင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ ဆိုနီကွန်ပျူတာ ဖျော်ဖြေရေးဝန်ထမ်း ကိုဂျိမ နဲ့ software နဲ့ hardware ပညာရှင် သြစတြေးလျလူမျိုး ၀စ်လ်ဆန် တို့ရဲ့ အစီအမံနဲ့ ထူထောင်ခဲ့တာပါ။ ဖို့ဗ်အတွက် ရန်ပုံငွေကောက်ခံပွဲဟာ ဇူလိုင် ၄ ရက်နေ့မှာ ပြီးစီးခဲ့ပြီး စဦးအစိတ်အပိုင်းတွေကို နောက်နှစ် နွေဦးလောက်မှာ software တီထွင်သူတွေ လက်ထဲ အရောက်ပို့ပေးနိုင်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024