ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ မထုတ်ပေးသေး
ရွှေအောင်
·
June 7, 2011
ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ မထုတ်ပေးသေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
အုပ်စုလိုက် လာရောက်လည်ပတ်လိုတဲ့ ခရီးသည်တွေက ပြည်တွင်းခရီးသွား အေဂျင်စီတွေကနေတဆင့် တပတ်ဆယ်ရက် ကြိုလျှောက်တာတွေကိုသာ ခွင့်ပြုပေးနေတာဖြစ်ပြီး တဦးချင်းလာရောက်လည်ပတ်တဲ့ ခရီးသည်ကို ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက်ဗီဇာမထုတ်ပေး သေးဘူးလို့ ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးခင်ရွှေက “ကျနော်တို့စီက ပြင်ဆင်နေပါတယ်။ ပြင်ဆင်နေတယ်ဆိုတာ အခုတလောက ရန်ကုန်မှာ ဟိုတယ်တွေ တော်တော်ပြည့်နေတယ်။ နောက် service လုပ်ဖို့အတွက် လူတွေက သင်တန်းတွေ အများကြီးလိုတယ်။ အဲဒါတွေ အကုန်ပြီးတာနဲ့ ဆက်လက်တင်ပြမယ်။ ဆိုက်ရောက်ဗီဇာ ပေးလိုက်ရင်အများကြီး ပြုံဝင်လာမယ်။ မနိုင်မှာဆိုးလို့ပါ” လို့ ပြောပါတယ်။
ဒီနှစ်ကုန်လောက်မှ ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ ဖြစ်နိုင်လိမ့်မယ်လို့လည်း ဦးခင်ရွှေက ခန့်မှန်းပြောပါတယ်။
လောလောဆယ် မြန်မာ့လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိနဲ့ရန်ကုန်၊ တရုတ်နိုင်ငံ ကွမ်ကျိုးနဲ့ရန်ကုန် လေယာဉ်စီးခရီးသည်တွေကိုတော့ ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေတယ်လို့ သိရပါတယ်။
မနှစ် မေလကနေ ဩဂုတ်လကုန်ထိ လေးလကြာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး အဲ့ဒီကာလအတွင်း ခရီးသည် ရှစ်သောင်းကျော် ရန်ကုန်လေဆိပ်က ဝင်ရောက်လည်ပတ်ခဲ့ကြပါတယ်။
အစိုးရသစ်တက်လာပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးနဲ့ ခရီးသွားလုပ်ငန်းရှင်တွေ ဧပြီလထဲ နေပြည်တော်မှာတွေ့ကတည်းက လုပ်ငန်းရှင်တွေက ဆိုက်ရောက်ဗီဇာ ပြန်ခွင့်ပြုဖို့ တင်ပြတောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးက နိုင်ငံထဲ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ မပြည့်စုံသေးဘဲ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလိုက်ရင် နိုင်ငံအရှက်ရစရာ ဖြစ်လိမ့်မယ်၊ ခရီးသည်တွေအတွက် အရာရာအဆင်သင့်ဖြစ်မှ စဉ်းစားပေးမယ်လို့ ပြန်ကြားခဲ့ပြီး ဖြစ်ပါတယ်။